Skip to main content

သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ Online ဆွေးနွေးပွဲသို့ မြန်မာအသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများတက်ရောက်

နေပြည်တော် အောက်တိုဘာ ၁၂

အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း (Asia-Pacific Institute for Broadcasting Development -AIBD)က စီစဉ်ကျင်းပသည့် သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက Online ဖြင့်ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှဝန်ထမ်းများ တက်ရောက်ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် Artificial Intelligence–AI နည်းပညာကြောင့် သတင်းအချက်အလက်များ တိုးပွားလာမှုတွင် သတင်းတု၊ သတင်းမှားများကို ခွဲခြားရန်ခက်ခဲနိုင်သည့် အခြေအနေများ၌ အကဲဖြတ်သုံးသပ်ခြင်း၊ သတင်းမှားများကို ဖော်ထုတ်ခြင်းနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ စိန်ခေါ်မှုများကို ရှာဖွေဖော်ထုတ်ခြင်း နည်းနာများ၊ သတင်းတု (Disinformation)၊ အကောင့်တု (Fake Account)၊ ဒစ်ဂျစ်တယ်ခေတ်တွင် ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking in the digital age) စသည့် ခေါင်းစဉ်များဖြင့် UK နှင့် အိန္ဒိယနိုင်ငံတို့မှ Artificial Intelligence - AI ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးကြသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် AIBD သို့ ၁၉၉၇ ခုနှစ်မှစ၍ တင်းပြည့်အဖွဲ့ဝင်အဖြစ် ဝင်ရောက် ခဲ့ပြီး AIBD မှ စီစဉ်ကျင်းပသည့် သင်တန်းများ၊ အစည်းအဝေးများ၊ Seminars များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် Conference များတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်တက်ရောက်လျက်ရှိရာ ယနေ့ပြုလုပ်သော Online ဆွေးနွေးပွဲသို့လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်းနှင့်အစီအစဉ်လုပ်ငန်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများတက်ရောက်၍ လေ့လာသင်ယူကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်