နေပြည်တော် အောက်တိုဘာ ၁၂
နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်နေသော နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့်အဖွဲ့သည် ယနေ့တွင် သစ်တွန်ကျေးရွာအုပ်စု လေးအိမ်စုကျေးရွာအတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ရေးပစ္စည်းများ၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပေးအပ်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ထိန်ပြောင်ကျေးရွာနှင့် လေးအိမ်စုကျေးရွာလမ်းပိုင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ကျေးရွာများသို့ လျှပ်စစ်မီးပေးနိုင်ရေး လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု အခြေအနေများ၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး လျာထားဆောင်ရွက်မည့် အခြေအနေများ၊ ကျေးရွာချင်းဆက်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ပေးမည့် အစီအမံများနှင့် အခြားလိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် လေးအိမ်စုကျေးရွာသို့ ရောက်ရှိကြပြီး အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများအေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကာဒေသရှိ မျိုးဆက်သစ်ကလေးငယ်များ စာပေတတ်မြောက်မှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကျောင်းသား ကျောင်းသူများ စာပေကြိုးစားသင်ယူပါက ၎င်းတို့ဝါသနာပါရာ အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများကိုလည်း အသိပေးပြောကြားပေးစေလိုကြောင်း၊ ယင်းမှသာ ကျောင်းသား ကျောင်းသူများအနေဖြင့် စာပေသင်ယူလိုစိတ် ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ကြောင်းနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း စာပေကြိုးစားသင်ယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်သည့် လူတော်လူကောင်းများဖြစ်စေရန် ကြိုးစားပေးစေလိုကြောင်း မှာကြားကာ ကျောင်းသားကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ဝေငှပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသန့်ရှင်းသာယာရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် လေးအိမ်စုကျေးရွာ ရွာဦးကျောင်းတိုက်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင်က တောင်ပေါ်ဒေသနေ ပြည်သူလူထုအသိပညာ ဗဟုသုတပြည့်ဝစွာရရှိပြီး လူနေမှုအဆင့်အတန်း မြင့်မားစွာဖြင့် နေထိုင်နိုင်စေရန် နိုင်ငံတော် အစိုးရအနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသည့်ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတိုးတက်ရေးတို့ကို အဓိကထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပြည်သူလူထု၏ ကျန်းမာရေး ကောင်းမွန်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် တောင်ပေါ်ဒေသနေ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ထောင်စုများ၊ အခြေခံပညာကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောင်းသုံး စာရေးကိရိယာများ၊ ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်များ၊ ဆေးဝါးများ၊ First Aid Kit များနှင့် ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို ထောက်ပံ့လှူဒါန်းပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ကျောင်းအုပ်ဆရာကြီးများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လက်ခံရယူကြသည်။
ယင်းနောက် ဒေသခံတိုင်းရင်းသားပြည်သူများက မိမိတို့ဒေသအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး နေပြည်တော်ကောင်စီဝင်သည် ကျေးရွာအတွင်းရှိ အသက်(၇၀)အရွယ်မသန်စွမ်းသူ အဘိုးအဘွားနှစ်ဦးအား ငွေကျပ်သုံးသောင်းစီ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် လေးအိမ်စုရွာဦးကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကန်တော့၍ ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် လေးအိမ်စုကျေးရွာ မဟာသိဒ္ဓိတောင်ပေါ်၌ တည်ထားကိုးကွယ်တော်မူသည့် အောင်ဆုပြည့်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ကြရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်း၊ နေပြည်တော် ကုသရေးဦးစီးဌာနမှ နယ်လှည့်ဆေးကုသရေးအဖွဲ့က လေးအိမ်စုကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နေပြည်တော်လမ်းဦးစီးဌာနမှ ကျေးရွာအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျေးရွာအတွင်း လျှပ်စစ်မီးရရှိနိုင်ရေး လိုအပ်သည်များ ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
သတင်းစဉ်