Skip to main content

ကျန်းမာရေးဝန်ကြီးဌာနမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများ မိုင်းလားဒေသတွင် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုကွင်းဆင်းဆေးကုသ

နေပြည်တော် အောက်တိုဘာ ၁၂

ကျန်းမာရေးဝန်ကြီးဌာနသည် ကုသရေးဦးစီးဌာနမှ ပါမောက္ခဒေါက်တာခင်မောင်ဦးစီး၍ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားတုကျွမ်းကျင်သူများ၊ သွားဘက်ဆိုင်ရာသူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ အပါအဝင်စုစုပေါင်း ၃၂ ဦးပါဝင်သည့် ဆေးကုသရေးအဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားဒေသအတွင်းရှိ မိုင်းလား၊ မိုင်းဆော၊ ဆမ်တောက်၊ ဆီလူးဒေသများတွင် နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများကို သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာများ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွားတု(အံပုံ/အံကပ်)များ တပ်ဆင်ပေးခြင်းလုပ်ငန်းများကို စက်တင်ဘာ ၇ ရက်မှ ၂၃ ရက်အထိ လူနာစုစုပေါင်း ၁၇၅၅ ဦး ကိုကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း မိုင်းလားမြို့ရှိ တိုင်းရင်းသားကွင်း (ညောင် းပင်) ခန်းမ၌ စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ သက်ကြီးရွယ်အို ၅၁ ဦးကို သွားအတု(အံကပ်)များ တပ်ဆင်ပေးခြင်းနှင့် လူနာပေါင်း ၃၄၆ ဦးကို ကုသပေးခြင်း၊ မိုင်းဆောတွင်သက်ကြီးရွယ်အို ၆၁ ဦးကို သွားတု(အံကပ်)များ တပ်ဆင်ပေးခြင်းနှင့် စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ လူနာစုစုပေါင်း ၅၂၆ ဦးကို ကုသပေးခြင်း၊ မိုင်းဆောရှိမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား ၁၆၀ အား စနစ်မှန်သွားတိုက်ခြင်းကို ကျောင်းဆရာ ဆရာမများပါဝင်၍ သင်ကြားပြသပြီးအတူ တကွ ပုံစံကျသည်အထိ သင်ကြားပေးခြင်း၊ ကျိုင်းခမ်းတွင် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ သက်ကြီးရွယ်အို ၃၁ ဦးကိုသွားတု (အံကပ်)များ တပ်ဆင်ပေးခြင်းနှင့် လူနာပေါင်း ၂၆၈ ဦးကို ကုသမှုပေးခြင်း၊ စက်တင်ဘာ ၁၉ ရက်တွင် ကျိုင်းခမ်းရှိ မူလတန်းကျောင်းနှစ်ကျောင်းသို့ သွားရောက်ပြီး ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၅၀ ကို စနစ်မှန်သွားတိုက်ခြင်း သင်ကြားပြသ၍ဆီလူးတွင် စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက် အထိသက်ကြီးရွယ်အို ၅၈ ဦးကို သွားတု(အံကပ်)များ တပ်ဆင်ပေးခြင်းနှင့် လူနာစုစုပေါင်း ၆၁၅ ဦးကို ကုသမှုများပေးခြင်း၊ ဆီလူးရှိအခြေခံပညာကျောင်းများတွင် ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၈၅၀ ကျော်ကို စနစ်မှန်သွားတိုက်ခြင်းလုပ်ငန်းကို သင်ကြားပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်