Skip to main content

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဇလက်ထော်ရေလှောင်တမံ၏ ရေပိုလွှဲအထွက်ဘက်အပိုင်းရှိ ရေကျအဆောက်အအုံထိခိုက်မှု အရေးပေါ်ပြုပြင်ဆောင်ရွက်ပြီးဖြစ်

နေပြည်တော် အောက်တိုဘာ ၁၂

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးမြို့နယ်ရှိ ဇလက်ထော်ရေလှောင်တမံတွင် အောက်တိုဘာ ၁၀ ရက်ကရေပိုလွှဲမှ ရေအမြင့်(၃ ဒသမ ၉)ပေကျော်အထိ ရေကျော်စီးဆင်းခဲ့ရာ ပင်မရေပိုလွှဲ အထွက်ပိုင်းရေကျအဆောက်အအုံများ ရေတိုက်စားထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဦးဆောင်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ပြုပြင်ရာတွင် ပင်မရေပိုလွှဲ အထက်ပိုင်း၌ ယာယီရေတားတမံပြုလုပ်၍ ရေပိုလွှဲအောက်ပိုင်းကို လူအင်အား၊ စက်အင်အားများဖြင့် အမြန်ပြုပြင်ပြင်ဆင်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဆင်မှုပြီးစီး၍ ယာယီချောင်းပိတ်တမံအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ယခုအခါ ပင်မရေပိုလွှဲမှ ကန်ရေပြည့်အထက်ရှိ ရေများကို ကောင်းမွန်စွာစီးဆင်းလျက်ရှိပြီး ရေမှတ်မှာ ၁၁၃ ပေရှိ၍ Spillway အထက်သုံးပေ ရေကျော်စီးဆင်းလျက်ရှိသည်။ သို့ဖြစ်၍ ဇလက်ထော်ရေလှောင်တမံနှင့် ပြုပြင်ပြီးပင်မရေပိုလွှဲမှာ မူလအခြေအနေအတိုင်း တည်ငြိမ်စွာရှိနေပြီး စိုးရိမ် ရန်မရှိကြောင်းသိရသည်။

ထို့အပြင်ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့နယ်အတွင်းရှိ အလိုင်နီရေလှောင်တမံနှင့် လှည်းကူးမြို့နယ်အတွင်းရှိ လဂွမ်းပြင် ရေလှောင်တမံရေဝင်ရောက်မှုနှင့်ရေပိုလွှဲမှ ရေကျော်စီးဆင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံနှင့်ရေပိုလွှဲများ ကြံ့ခိုင်ရေး အမြဲစစ်ဆေးရန်၊ ယခုရေကြီးကာလတွင် ရေကင်းများ ၂၄ နာရီချထားရန်နှင့်ရေလှောင်တမံ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု(EPP)နှင့်အညီ အဆင့်အလိုက်တုံ့ပြန်မှုအစီအစဉ်များ ဆောင်ရွက်ရန်မှာကြားသည်။

ရေလှောင်တမံများတွင် ထည့်သွင်းတည်ဆောက်ထားသည့် ရေပိုလွှဲများသည် ကန်ရေပြည့်သိုလှောင်နိုင်သည့် ပမာဏထက်ကျော်လွန်ပြီး စီးဝင်လာသောရေများကို မူလမြစ်ချောင်းများအတွင်းသို့ စီးထွက်သွားစေရန် ထည့်သွင်းတည်ဆောက်ထားသော ရေအားအဆောက်အအုံတစ်ခုဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် စီးဝင်လာသော ရေထုထည်ပမာဏအနက်မှ ကန်ရေပြည့်သိုလှောင်နိုင်သော ပမာဏတစ်ခုအထိ ထိန်းသိမ်းသိုလှောင်ပေးထားခြင်းဖြင့် တမံအောက်ဘက်ရှိ ဒေသများ၏ ရေကြီးနစ်မြုပ်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။         

သတင်းစဉ်