Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၁၂

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲနှင့် ထူးချွန်သူသင်တန်းသားငါးဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒဏ္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းသားများနှင့် ရပ်မိရပ်ဖများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်အောင်မြင်ကျေးရွာအုပ်စု၌ ဒေသခံများ၏ လိုလားချက်အရ ဖွင့်လှစ်ပေးခဲ့သော အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို တက်ရောက်ခဲ့ကြသည့် မိသားစုတစ်ခု၏ပဲ့ကိုင်ရှင် အမျိုးသမီးများသည် အိုးမကွာအိမ်မကွာဖြင့်အောင်မြင်သော ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်ပြီး မိသားစုဝင်ငွေတိုးတက်လာအောင် ကြိုးစားကြမည်ဟု ယုံကြည်ကြောင်း၊ ကျေးလက်နေပြည်သူတစ်ဦးချင်းစီကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားတတ်မြောက်စေပြီး အောင်မြင်သော ကိုယ်ပိုင်လုပ်ငန်းငယ်များ ပေါ်ထွက်လာစေရန်မှာ မိမိတို့၏ မျှော်မှန်းချက်ဖြစ်ကြောင်း၊ ယခုစီမံကိန်းလုပ်ငန်းများ၌ လုပ်ငန်းထူထောင်နိုင်စေရန်အတွက် သင်တန်းဆင်းများထဲမှ ထူးချွန်သူငါးဦးကို သတ်မှတ်ချက်နှင့် အညီရွေးချယ်ပြီးတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးများကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်လာနိုင်ပြီး နိုင်ငံတော်အနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ထူးချွန်သင်တန်းသားများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ထူးချွန်သင်တန်းသားငါးဦးထံ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အပ်ချုပ်စက်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကဓားစက်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဘီတင်စက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ထုပ်သီးရိုက်စက်၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က မီးပူ၊ စားပွဲနှင့်ထိုင်ခုံများကို ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများချုပ်လုပ်ထားသော အဝတ်အထည်များနှင့် နေပြည်တော် MSME အဖွဲ့များမှ ခင်းကျင်းပြသထားသော ဒေသထွက်ကုန်များကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ် မြောက်လွှတ်ကုန်းကျေးရွာတွင် အသားတိုးဝက် (DYL) မွေးမြူထားရှိမှု အခြေအနေ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသားတိုးကြက် မွေးထားရှိမှုအခြေအနေနှင့် သမဝါယမဦးစီးဌာနမှ အသားတိုးဝက်နှင့် နိုးစားနွားများ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မွေးမြူထားသော တိရစ္ဆာန်များ တိရစ္ဆာန်ရောဂါများ မကျရောက်စေရေး လိုအပ်သည့် ကာကွယ်ဆေးထိုးနှံခြင်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ အချိန်မီထိုးနှံထားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်