Skip to main content

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ပန်းတောင်း သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံးတွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ယမန်နေ့ နံက်ပိုင်းက တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင်  ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ညောင်​ကျိုးကျေးရွာသည် ပဲခူးတိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ် ဆက်စပ်လျက်ရှိသောကြောင့် ကျန်းမာရေးအရ အထူးသတိ ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဗဟိုကော်မတီ ကျန်းမာရေး ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး ဝင်ပေါက်၊ ထွက်ပေါက်(၄)နေရာအား ပိတ်ဆို့ ထားရှိမည်ဖြစ်ရာ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စည်းစည်း လုံးလုံးဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ ရန်လိုကြောင်း၊ ညောင်ကျိုး ကျေးရွာသည် ရခိုင်ပြည်နယ်၏ ဝင်ပေါက် ဖြစ်သောကြောင့် ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူများအား လုံးဝပိတ်သိမ်း ရေး အတွက် အထက်ဌာနသို့ ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဌာန၏ ညွှန်ကြားချက် များအား သေချာလိုက်နာရန် လိုအပ်ကြောင်း၊ နိုင်ငံချမ်းသာလျှင် နှာခေါင်းတို့ဖတ်အား ရယူ​စစ်ဆေးပေးရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းမှ ညောင်ကျိုးကျေးရွာအား ရခိုင်ပြည်နယ်မှ ဝင်ရောက် လာသော ယာဉ်၊ ဆိုင်ကယ် ခရီးသွား ပြည်သူ များအား သြဂုတ် ၂၁ ရက်နေ့မှ စတင်ပိတ်သိမ်းထားကြောင်း ပြောကြားခဲ့သည်။ တိုင်းကျန်းမာရေးမှူး ဒေါက်တာ ရန်နိုင်မောင်မှ ကျန်းမာရေးအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရေးမကြီး လျှင် အိမ်မှာနေ ရန်လိုအပ်ကြောင်း၊ အပြင်ထွက်ပါက Mask ကို စနစ်တကျ တပ်ဆင်ရန် လက်ကိုစင်ကြယ်စွာ ဆေးကြောရန် ရောဂါလက္ခဏာသံသရရှိပါက ကျန်းမာရေးဌာနသို့ အလျင်အမြန် သတင်း ပေးပို့ရန် လိုအပ်ကြောင်း၊ ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် အထူးဂရုပြုစိုက်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မိုးမှ ပန်းတောင်းမြို့နယ်ဘက်မှ ခရိုင်ပြည်နယ်ဘက်သို့ မူးယစ် ဆေးဝါးသယ်ယူမှု မရှိရေး အထူး ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ PPE ၁၂ စုံ၊ ဟန်းဂျယ်၁၀ ဗူး၊ Face Cover ၅ ခု ကို ညောင်ကျိုးကျန်းမာရေး အထက်တန်းသူနာပြု ဒေါ်ဖြိုးဖြိုးမြင့်ဆွေအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးမှူး ဒေါက်တာရန်နိုင်မောင်၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းနှင့် မြိုနယ်ဌာနဆိုင်ရာများ၊ တိုင်းဒေသ ကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှစိုးနှင့် ဒေသခံပြည်သူများ၊ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ အင်အား (၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)