Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)သို့ တက်ရောက်အမှာစကား ပြောကြား

 

နေပြည်တော် အောက်တိုဘာ ၁၂

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့်ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိနိုင်ငံအပါအဝင် နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန်များကို ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပို့ကုန်ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်း၊ စီးပွားရေးကို ပိုမိုကျယ်ပြန့်လာစေရန် ချိတ်ဆက်ပေးနိုင်ခြင်း၊ ကမ္ဘာ့တန်ဖိုးကွင်းဆက် (Global Value Chain) ကို အထောက်အကူပြုစေခြင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ထုတ်ကုန်အမျိုးအစားများစွာ ထုတ်လုပ်လာနိုင်ခြင်းများကြောင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အတွက် ထူထောင်ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း။

အထူးစီးပွားရေးဇုန်များတွင် ငွေကြေးဆိုင်ရာဆွဲဆောင်မှု (Fiscal Incentive)၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ခွင့်ရှိသည့် ဆွဲဆောင်မှု (Regulatory Incentive)၊ ရေ၊ မီး၊ လမ်းတံတား စသည့်အခြေခံအဆောက်အဦများ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပေးသည့် ဆွဲဆောင်မှု (Infrastructure Incentive) စသည်များကို ခွင့်ပြုဆောင်ရွက်ပေးနေခြင်းကို တွေ့ရမည်ဖြစ်ကြောင်း။

၂၀၂၂ ခုနှစ်စာရင်းများအရ နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၌ အထူးစီးပွားရေးဇုန် ၇၀၀၀ ခန့် ရှိနေပြီး အလုပ်အကိုင်အခွင့်အလမ်း သန်းပေါင်း ၁၀၀ ကျော်ခန့် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ အထူးစီးပွားရေးဇုန်များသည် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် အထောက်အကူပေးနိုင်သကဲ့သို့ စက်မှုဆိုင်ရာမူဝါဒများ၏ ဖြစ်ပေါ်တိုးတက်မှုအသစ်များဖြစ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုလည်း ပိုမိုဆွဲဆောင်နိုင်သည်ကို တွေ့ရှိရကြောင်း။

များစွာအထောက်အကူပြုမည်

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အထူးစီးပွားရေးဇုန်များတွင် အခြေခံအားဖြင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေနိုင်သည့် လုပ်ငန်းစဉ်များကို ပိုမိုအလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့မှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများကို ပိုမိုခေတ်မီပြီးတီထွင်ဆန်းသစ်သည့် စက်မှုလုပ်ငန်းများအဖြစ်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော်နေကြခြင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများအပြင် ဝန်ဆောင်မှုများပါဝင်သည့် Integrated Zones အဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြစ်ခြင်းကို အသိပေးလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အားပေးမြှင့်တင်ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။

၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့

အထူးစီးပွားရေးဇုန်ဥပဒေကို ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ပိုမိုပြည့်စုံပြီးကောင်းမွန်သည့် ဥပဒေအဖြစ် ၂၀၁၄ ခုနှစ်တွင် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ နည်းဥပဒေကိုလည်း ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း။

လက်ရှိနိုင်ငံတော်တွင် အထူးစီးပွားရေးဇုန်(၃)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကို နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိနိုင်ငံ၏အကျိုးစီးပွားကို အဓိကထားရမည်ဖြစ်သော်လည်း ဆက်စပ်ဆောင်ရွက်ကြရာတွင် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဖက်စလုံး၏ အကျိုးစီးပွားဖြစ်ထွန်းမှုများကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်

သီလဝါအထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိသည့် ဇုန်တစ်ခုဖြစ်သည့်အပြင် ဒေသတွင်းနိုင်ငံများအကြားတွင် သတင်းကောင်းနှင့် ရပ်တည်နေသည့် ဇုန်တစ်ခုလည်းဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျ ဆက်လက်ရင်းနှီးမြှုပ်နှံနိုင်ရန် ကုမ္ပဏီအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန် လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများချောမွေ့မြန်ဆန်စွာ လည်ပတ်နိုင်စေရန်အတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သည့်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးရန် မှာကြားလိုကြောင်း။

လုပ်ငန်းများလည်ပတ်လျက်ရှိ

သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၆၆၇ ဒသမ ၂၇၅ ဟက်တာကျယ်ဝန်းပြီး ဇုန် (A) နှင့် ဇုန်(B) ခွဲကာ Free Zone နှင့် Promotion Zone သတ်မှတ်လျက် ပို့ကုန်လုပ်ငန်းနှင့် ပြည်တွင်းသွင်းကုန်အစားထိုးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံသည့် ၂၁ နိုင်ငံမှ လက်ရှိလုပ်ငန်းလည်ပတ်သည့် ကုမ္ပဏီ ၁၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၁၉၀ ဒသမ ၇၉၀ ဖြင့် လုပ်ငန်းများလည်ပတ်လျက်ရှိပါကြောင်း၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် တစ်နိုင်ငံလုံး၏ တစ်မျိုးသားလုံး ထုတ်လုပ်မှုတန်ဖိုး၏ ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် တစ်နိုင်ငံလုံး ပို့ကုန်ပမာဏ၏ ၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ပို့ကုန်ပမာဏ၏ ၃ ရာခိုင်နှုန်းရှိသည်ကို တင်ပြချက်များအရ သိရှိရပါကြောင်း။

လိုအပ်သည်များ ပံ့ပိုးပေး

သီဝါအထူးစီးပွားရေးဇုန်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ပါက ဧပြီလမှ ဇူလိုင်လ(၄)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၉၄၅ သန်း၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၆၂ ဒသမ ၆၅၃ သန်းရှိသည့်အတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၅၉၈ သန်းရှိပြီး အခွန်အရပ်ရပ်အတွက် ကောက်ခံရ ငွေ မြန်မာကျပ်ငွေ ၂၂ ဘီလီယံရရှိခဲ့ပါကြောင်း၊ လေးလတာကာလဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုနှင့် အခွန်အရပ်ရပ်ကောက်ခံရရှိမှုကို ယခုထက်ပိုမိုတိုးတက်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း၊ ထပ်မံပြီး သီလဝါအထူးစီးပွားရေးဇုန်ထဲရှိ Free ဇုန်တွင် ကုမ္ပဏီ(၃)ခု၊ promotion ဇုန်တွင် ကုမ္ပဏီ(၁)ခုတို့ကလည်း အားကစားပစ္စည်းထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်၊ ဝိုင်ယာကြိုးနှင့် ဆားကစ်ပြားထုတ်လုပ်ခြင်း၊ ပလတ်စတစ်စက်အစိတ်အပိုင်း ထုတ်လုပ်ခြင်းနှင့် အစားအစာနှင့် အချိုရည်များ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကြောင်းအမျိုးမျိုးကြောင့် စတင်နိုင်ခြင်းမရှိရာမှ စီမံခန့်ခွဲမှုကော်မတီ၏ စည်းရုံးကြိုးပမ်းမှုကြောင့် လုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း သိရှိရသည့်အတွက် အမြန်ဆုံးပြီးစီးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် ပို့ကုန်လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်အောင် ကြီးကြပ်ရေးကော်မတီက လိုအပ်သည်များ ပံ့ပိုးပေးရန်မှာကြားလိုကြောင်း။

စိစစ်ကြီးကြပ်မှုများ ဆောင်ရွက်

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ထူးခြားဖြစ်စဉ်ဖြစ်ခဲ့မှုနှင့်ပတ်သက်၍ ဇုန်အတွင်းရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတစ်ခု၏ အောက်ခြေဝန်ထမ်းများသည် တရားမဝင်ကုန်ပစ္စည်းတင်သွင်းခွင့်ရရှိရေးအတွက် သွင်းကုန်လိုင်စင်ရရှိထားသည့် အခြားကုမ္ပဏီတစ်ခု၏ လိုင်စင်များကို အလွဲသုံးပြီး အမေရိကန် ဒေါ်လာနှစ်သန်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းမှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် ယင်းဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး ယခုထက်လိုအပ်သည့်စိစစ်ကြီးကြပ်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ အထူးစီးပွားရေးဇုန်များတွင်ရှိသည့် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုချေးငွေများကို မိခင်ကုမ္ပဏီများက ကိုယ်စားပေးဆပ်ပြီး ပြည်ပချေးငွေစာရင်းမှ ပယ်ဖျက်မည့်ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စီမံဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း၊ ထပ်မံ၍ နိုင်ငံခြားငွေအဖြစ် ထည့်ဝင်မတည်ရင်းနှီးမည့်၊ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအသစ်များ လက်ရှိကုမ္ပဏီများ၏ ထပ်မံရင်းနှီးမြှုပ်နှံမှုငွေများကို အမေရိကန်ဒေါ်လာအပြင် မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံဗဟိုဘဏ်ကနေ ခွင့်ပြုပြီးဖြစ်သည့် မည်သည့်နိုင်ငံခြားငွေကြေးနှင့်ဖြစ်စေ ထည့်ဝင်အသုံးပြုနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြားမိတ်ဖက်နိုင်ငံများ၏ တရားဝင်ငွေကြေးလဲလှယ်မှု၊ သုံးစွဲမှုများနှင့်လည်း မြန်မာနိုင်ငံဗဟိုဘဏ်မှ ညှိနှိုင်းဆဲဖြစ်သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများကိုလည်း ဆက်သွယ်လာသည့်အချိန်တွင် အသိပေးပြောကြား လိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးသည် အရေးကြီးသည့် ဦးတည်ချက်တစ်ခုဖြစ်ကြောင်း။

အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေး

ထိုရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း SOP များကို လက်တွေ့ကျကျ လုပ်ကိုင်နိုင်ရန်၊ နိုင်ငံတကာလုပ်ထုံး လုပ်နည်းများနှင့်အညီ ဇုန်များတွင် ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရန်လိုအပ်ကြောင်း၊ ထို့မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရန်အတွက် ဖိတ်ခေါ်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များကို ကောင်းမွန်စွာ ဦးဆောင်နိုင်ရန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိအခြေအနေထက် ပိုမိုတိုးတက်လာစေရန်အတွက်နှင့် ပို့ကုန်တိုးမြှင့်နိုင်စေရန် စီးပွားရေးဇုန်များတွင်ရှိသည့် One Stop Service Center များကို စနစ်တကျဖွဲ့စည်းပြီး ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်အောင် သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် လုပ်ငန်းများဆောင်ရွက်နေသည့် ကုမ္ပဏီများ ကုန်ထုတ်လုပ်ငန်းများ အစဉ်ပြေစေရေးအတွက် အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေးစေလိုကြောင်း။

လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှတင်သွင်းခြင်းသာမက ပြည်တွင်းမှာရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများက ထုတ်လုပ်သည့် အရည်အသွေးမီကုန်ကြမ်း ပစ္စည်းများကို ချိတ်ဆက်ပြီး တတ်နိုင်သမျှအသုံးပြုအောင် ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။

ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည့် နိုင်ငံများတွင် ဘက်စုံပို့ဆောင်ရေးစနစ် (Multimodal Transport) ကို တွင်ကျယ်စွာအသုံးပြုနေခြင်းဖြစ်သည့်အတွက် မိမိနိုင်ငံတွင်လည်း အထူးစီးပွားရေးဇုန်များနှင့် ဆက်စပ်ပြီး ဘက်စုံပို့ဆောင်ရေးစနစ် (Multimodal Transport)အသုံးပြုနိုင်စေရန် အကောင်အထည်ဖော်ရေး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်

ထို့ပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် အထောက်အကူပြုမည့် ကျောက်ဖြူ - မန္တလေး - မူဆယ်ရထားလမ်းစီမံကိန်းကိုလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများပြီးစီးပါက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှုပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် Shareholders’ Agree-ment နှင့် နိုဝင်ဘာလတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ် ကြောင်း၊ ယခင်က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်ပြီး နှစ်ဖက်အဓိပ္ပာယ် ကွဲလွဲယူဆ၍ရနိုင်သည့် အချက်အချို့ရှိရာ ပြန်လည်ညှိနှိုင်းရမည့်အချက်များကို နိုင်ငံတော်အကြီးအကဲက ဆွေးနွေးညှိနှိုင်းရန်မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်၍ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ညှိနှိုင်းမှုများနှင့် Win Win ဖြစ်အောင် နှစ်ဖက်လုပ်ငန်းအဖွဲ့အချင်းချင်း ဆွေးနွေးမှုများ အပြုသဘောဆောင်ပြီး စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။

ဆွေးနွေးမှုများပြုလုပ်ပြီးပါက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေးအတွက် နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)ကို ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတွက် မိမိတို့ဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များကို သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ကျောက်ဖြူစီမံ ခန့်ခွဲမှုကော်မတီများအနေဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန်လိုကြောင်း။

ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်

ကျောက်ဖြူအထူးစီးပွားရေးဇုန်၌ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေးပါပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည့်အတွက် အောင်မြင်အောင် အကောင်အထည်ဖော်ရန်လိုကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းများ အချိန်တိုအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး လမ်းညွှန်မှုများ ပြုလုပ်ထားပြီးဖြစ်သည့်အတွက် လိုအပ်သည့်ညှိနှိုင်းဆွေးနွေးမှုများကို အချိန်တိုအတွင်း ပြီးပြတ်အောင် ဆက်လက်လုပ်ဆောင်ပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန် အသိပေးပြောကြားလိုကြောင်း။

ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်

အလားတူ ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ်တာဝန်ပေးခဲ့သည့် အီတာလျံ - ထိုင်းကုမ္ပဏီသည် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအကောင်အထည်ဖော်မှု ရပ်တန့်လျက်ရှိရာ လုပ်ငန်းရပ်စဲထားပြီးဖြစ်၍ လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ရင်းနှီးတည်ဆောက်သူ အသစ်ထပ်မံဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့နှင့် လုပ်ငန်းကော်မတီအဖွဲ့များကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များရရှိအောင် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း။

အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီများက မိမိတို့လုပ်ဆောင်ရန်ကိစ္စများကို ဗဟိုလုပ်ငန်းအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူပြီးမှသာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အသုံးစရိတ်များနှင့်ပတ်သက်၍ လိုအပ်သည့် သုံးသင့်သည်ကိုသာ စိစစ်သုံးစွဲကြရန်လိုကြောင်း။

ယခုထက်ပိုမိုပြီး ကြိုးပမ်းဆောင်ရွက်

အထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင် ​ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ လူနေမှုအဆင့်အတန်းများ တိုးတက်မှုရရှိလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်များ အောင်မြင်တိုးတက်အောင် သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများ အနေဖြင့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ယခုထက်ပိုမိုပြီး ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့(၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက လက်ရှိမြန်မာအထူးစီးပွားရေးဇုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးသို့ တင်ပြသည့်အမှာစာများကို ဖတ်ကြားတင်ပြကြပြီး အတည်ပြုချက်ရယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးမြင့်နောင်၊ ဦးထွန်းအုံနှင့် ဦးမျိုးသန့်၊ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် အထူးစီးပွားရေးဇုန်ဥက္ကဋ္ဌများက အကြံပြုချက်များနှင့် အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြအတည်ပြုချက်ရယူသည်။

ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။                      

သတင်းစဉ်