Skip to main content

တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၁

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ ၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာ ရပ်ကွက် ဗန္ဓုလလမ်းပေါ်၌လိုင်စင်မဲ့ Hijet မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ဘုတ်ပြင်းမြို့နယ် ကော့ဗမာကျေးရွာ၌ တရားမဝင် ခဲသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ၂၅ ကောင် အင်ဂျင် ၃၂ လုံး၊ လေအိုး ၃၁ လုံး၊ Compressor ၂၅ လုံး အပါအဝင် ဆက်စပ်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၇၅၀၀၀၀)ကို သတ္တုတွင်းဥပဒေ အရလည်းကောင်း၊ ရေဖြူမြို့ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် “ရွှေတူ” သစ်ခွပန်းဥ ၆၆၁ ပိဿာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၂၈၈၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Scania Express Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၀၀၇၈၈၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာ ၁၀ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ အေးရှားဝေါလ် တိုးဂိတ်အကျော် နမ့်ခွန်ရွာအနီး လမ်းဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် အနွေးထည် အထည် ၉၀ အပါအဝင် ကုန်ပစ္စည်း ၁၃ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၄၃၁၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

အရေးယူဆောင်ရွက်

ထို့အတူ အောက်တိုဘာ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင်ကျောက်ချော စစ်ဆေးရေးစခန်း၌ လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Fire Clay Powder ၂၇၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan AD Van နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မူဆယ်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၂၃ မိုင် ၅ ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ် မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Aromatic ပေါ်လစ်ဆီဘူး ၄၉၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၇၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အောက်တိုဘာ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Empty Paper Cup ၅၀၉၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၄၄၇၂၈၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း ၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Out of Scope Ultra Lube ချောဆီဘူး ၄၈၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၆၀၀၀၀၀) ကိုလည်းကောင်း၊ ထီးတန်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Drain Cover Made with Iron and Poly Concrete ၁၇၄၆ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၁၇၅၃၂) ကို လည်းကောင်း၊ သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ လေးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Panasonic Telephone Set အစုံ ၁၂၀ ၊ Aromatic Collagen Mask ၂၃၀၄ ခု အပါအဝင် ကုန်ပစ္စည်း ၅၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၈၆၃၆၄၃၀) ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Goat Milk ရေချိုး ဆပ်ပြာဘူး ၂၄၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၆၈၀၁၂၄၂ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အောက်တိုဘာ ၈ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၅၀၁၁၀၄၂)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။                 

 သတင်းစဉ်