နေပြည်တော် အောက်တိုဘာ ၁၁
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ရုံးအမှတ်(၁၈)၌ ကျင်းပရာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် ရက်စွဲပါ အမိန့်အမှတ် (၈၁/၂၀၂၁) ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဖွဲ့စည်းရခြင်၏ ရည်ရွယ်ချက်မှာ ပြည်တွင်း ပြည်ပကုန်သွယ်မှုလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှု အခက်အခဲများ မရှိစေရေးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုကော်မတီ ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် အမိန့်အမှတ်(၉၃/၂၀၂၃)ဖြင့်လည်းကောင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၃ ဦး ပါဝင်ခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်သော ကုန်သွယ်စီးပွားလုပ်ငန်းများ ဦးမော့လာစေ ရေးအတွက် ရေဆိပ်၊ လေဆိပ်များနှင့် နယ်စပ်ကုန်သွယ်မှုစခန်း နေရာများအားလုံးတွင် အဓိက ဆောင်ရွက်ရမည့်လုပ်ငန်းများ မှန်ကန်မြန်ဆန်မှုရှိစေရေးအတွက် လေ့လာသုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုဆိုင်ရာမူဝါဒများနှင့် ပြည်တွင်းလိုအပ်ချက်ဖြစ်သော အခြေခံလူသုံးကုန်ပစ္စည်းများ ပြည်ပမှ တင်သွင်းနေရမှုမှ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထားပါကြောင်း၊ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များအားလုံး ရှင်းလင်းလွယ်ကူစွာဖြင့် မှန်ကန်မြန်ဆန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
အထူးသဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အဓိကထိခိုက်စေသည့် ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit)မဖြစ်ပေါ်စေရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် ပို့ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ နိုင်ငံတော်နှင့် အများပြည်သူများအတွက် မဖြစ်မနေလိုအပ်သော ကုန်ပစ္စည်း (Essential Commodity)များဖြစ်သည့် ဆေးနှင့် ဆေးအထောက်အကူပစ္စည်းများ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီ၊ စားသုံးဆီများ၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်းများ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ စက်မှုကုန်ကြမ်းများ၊ အစားအသောက်ကုန်ကြမ်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်းများကို လိုအပ်ချက်များအပေါ် မူတည်ပြီး လုပ်ငန်းကဏ္ဍနယ်ပယ်များတွင် ရပ်တန့်မှု၊ ဈေးနှုန်းကြီးမြင့်မှုများ မဖြစ်စေရေးအတွက် နည်းလမ်းတကျ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကုန်သွယ်စီးပွားဆိုင်ရာ တရားဝင် ငွေကြေးစီးဆင်းမှုအတွက် ဘဏ်လုပ်ငန်းများ စနစ်တကျ မှန်ကန်မြန်ဆန်ချောမွေ့စေရန် ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စေရေးအတွက် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် လိုအပ်သလို ကြီးကြပ်ကွပ်ကဲပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများကို အလေးထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ကုန်သည်လုပ်ငန်းရှင်များ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကြုံတွေ့နေရသော အခက်အခဲများကို နည်းလမ်းမျိုးစုံဖြင့် သိရှိအောင်ပြုလုပ်ပြီး ကော်မတီအနေနှင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ဆိပ်ကမ်းပိုင်းတွင် သက်ဆိုင်ရာဆိပ်ကမ်းတာဝန်ရှိသူများအနေဖြင့် အာမခံကြေးကအစ ကုန်သေတ္တာအဆုံး စိစစ်ပြီး စနစ်တကျ ဆောင်ရွက်ပေးသွားရန် ဖြစ်ပါကြောင်း၊ သတင်းအမှားများနှင့် ပတ်သက်၍လည်း အလွန်အကျွံ ယုံကြည်မှုမရှိကြရန် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော အရာရှိကြီးများမှတစ်ဆင့် အောက်ခြေဝန်ထမ်းများ၊ ပြည်သူများ သိရှိနားလည် သဘောပေါက်လာအောင် ပြောကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေး မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရှင်းလင်းဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်