Skip to main content

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အနီးကပ်ကြီးကြပ်၍ ပဲခူးမြို့၊ ရေဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ

ပဲခူး   အောက်တိုဘာ   ၁၁

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးသဘာဝဘေးကွပ်ကဲမှုရုံး၌ ပဲခူးမြို့ ရေဘေးသင့်ပြည်သူများအတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့လှူဒါန်းသည့် ဆန်အိတ်(၁၀၀)အား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်မှ လာရောက်ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လက်ခံရယူခဲ့ပြီး ပဲခူးမြို့၊ ရေကြီးမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။     

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်တို့နှင့်အတူ ရေဝင်ရောက်လျက်ရှိသည့် ပဲခူးမြို့၊ မဂ္ဂတစ်လမ်းမဘေးတစ်လျောက်ရှိ ပုဏ္ဏားစုရပ်ကွက်နှင့် မှော်ကန်ရပ်ကွက်များအတွင်း စက်လှေများဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒုတိယဝန်ကြီးတို့သည် ရေဝင်ရောက်သည့် ရပ်ကွက်များအတွက် ရေသန့်ဗူးနှင့် ရေသန့်ဆေးပြားများ ထောက်ပံ့ပေးအပ်ခဲ့သည်။       

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည်တို့သည် ပဲခူးမြို့၊ အနောက်ဘက် မြို့ရှောင်လမ်းပေါ်ရှိ မီးရထားလမ်းကူး ရေတိုက်စားပျက်စီးခဲ့အပေါ် ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်များအချိန်ကြာမြင့်စွာ ပိတ်ဆို့မှုမရှိစေရေး၊ မီးရထားလမ်းကူးနေရာများ ပြင်ဆင်ရာတွင် သက်ဆိုင်ရာမီးရထားတာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။    

ပဲခူးမြို့နယ်အတွင်း အောက်တိုဘာလ(၆)ရက်နေ့မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် အောက်တိုဘာလ(၁၀)ရက်နေ့၊ ညနေ(၅)နာရီအထိ ယာယီရေဘေးရှောင်စခန်း (၄၇) ခု၊ ရေဘေးသင့်ပြည်သူ (၂၇၃၀၂) ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးတို့အား အခက်အခဲမရှိ ကူညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)