နေပြည်တော် ဩဂုတ် ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဩဂုတ်လ ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန်-ဗိုလ်မြတ်ထွန်းတံတားအပိုင်း) ၃၆ မိုင်အား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ မိုင်(၂၆/၅) ရှိ လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးရန်နိုင်ဇော် က လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း လျာထားချက်နှင့် ပြီးစီးမှု၊ လက်ရှိတံတားများအား လေးလမ်းသွားတံတားများအဖြစ် တိုးချဲ့နေမှု၊ ရေနှင့်ထိစပ်နေသောလမ်းပိုင်းများတွင် လမ်းမြေသားအိကျမှုကာကွယ်ရေး ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ရန်ကုန်-ပုသိမ်လမ်း၊ ငရုတ်ကောင်း-ငွေဆောင်-ချောင်းသာလမ်းနှင့်ပတ်သက်၍ ရန်ကုန်-ပုသိမ်လမ်းကို လမ်းကြောင်းသုံးခုရှိကြောင်း၊ လမ်းအမှတ် (၁) မှာ ရန်ကုန်-ဆားမလောက်-ပုသိမ်လမ်း၊ လမ်းအမှတ် (၂)မှာ ရန်ကုန်-ကော့မှူး-ဒေးဒရဲ-ဖျာပုံ-ဘိုကလေး-မော်ကျွန်း-ဝါးခယ်မ-ပုသိမ်လမ်းဖြစ်ပြီး ၎င်းလမ်းပေါ်ရှိ တည်ဆောက်ဆဲတံတားများ၏ ပြီးစီးမှုနှင့် လမ်းအမှတ် (၃) မှာ ရန်ကုန်-တွံတေး-မအူပင်-ရေလဲကလေး-ရွှေလောင်း-ကျွန်းကုန်း-ပုသိမ်လမ်းတို့ဖြစ်ကြောင်း စသည်ဖြင့် လမ်းသုံးလမ်းအခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လမ်းအမှတ် (၁) မှာ လက်ရှိအသုံးပြုလျက်ရှိပြီး လမ်းအမှတ် (၂) မှာ မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ လမ်းအမှတ် (၃) မှာ ရေလဲကလေးနှင့် ရွှေလောင်းအပိုင်းမှာ ကျန်ရှိနေသေး၍ လမ်းအူကြောင်းနှင့်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သွားကြရန်နှင့် လက်ရှိ ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ရာ၌ လမ်းမြေသားအိကျမှု ကာကွယ်ရေးအတွက် ပိုင်ရိုက်ရမည့် ပုံစံများ၊ လမ်းညွှန်အမှတ်အသားများနှင့် အကာအရံများ၊ လမ်းအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ပုံစံများ အဆုံးအဖြတ်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင် (၃၀/၃) အနီးတွင် ရေထိစပ်နေသောအပိုင်းအား ပိုင်ရိုက်သွင်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဒီဇိုင်းပုံစံအတိုင်း ဆောင်ရွက်နိုင်ရန် မှာကြားသည်။
ရန်ကုန်-ပုသိမ်လမ်း မိုင် (၅/၄) မှ (၄၁/၄) အထိ ၃၆ မိုင်အား ၃၆ ပေ အကျယ်နှင့် ပေ ၃၀ အကျယ် ကွန်ကရစ် လမ်းဖြင့် အဆင့်မြှင့်တင်ရာတွင် အပြီးသတ်လုပ်ငန်းများနှင့် လမ်းအန္တရာယ်ကာကွယ်ရေးအတွက် လမ်းညွှန်အမှတ်အသားများနှင့် အကာအရံလုပ်ငန်းများသာကျန်ပြီး လမ်းလုပ်ငန်းမှာ ၉၈ ရာခိုင်နှုန်းပြီးစီးနေပြီး ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာအသုံးပြုလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်