Skip to main content

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူးဒုတိယဝန်ကြီး ဦးမျိုးလှိုင်(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်

ဟန်ကျိုး အောက်တိုဘာ ၉

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ဒေသစံတော်ချိန် ည ၈ နာရီက ဟန်ကျိုးမြို့ရှိ အိုလံပစ် အားကစားကွင်း (Hangzhou Olympic Center)၌ ကျင်းပသည်။

အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E Li Qiang၊ အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၊ အာရှအိုလံပစ်ကောင်စီ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တရုတ်နိုင်ငံမှ အနုပညာရှင်များက ရိုးရာတေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အိုလံပစ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး အာရှအိုလံပစ်ကောင်စီ ခေတ္တဥက္ကဋ္ဌကအမှာစကား ပြောကြားသည်။

ယင်းနောက်အာရှအားကစား ပြိုင်ပွဲအထိမ်းအမှတ်အလံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိုလံပစ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးကဂျပန်နိုင်ငံ Aichi-Nagoya မြို့တော်ဝန်ထံ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဂျပန်နိုင်ငံက အာရှအားကစား ပြိုင်ပွဲအလံကို လက်ခံလွှဲပြောင်းရယူ၍ အထိမ်းအမှတ်အဖြစ် ရိုးရာတေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး အိမ်ရှင်နိုင်ငံမှ နှုတ်ဆက်ဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲကို လာမည့် ၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ Aichi-Nagoya မြို့ကြီးများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့မှ အားကစားနည်း ခုနစ်နည်း ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု စုစုပေါင်းဆုတံဆိပ်သုံးခု၊ နိုင်ငံအလိုက်အဆင့် (၂၇)ဖြင့် ရပ်တည်ခဲ့သည်။

ယနေ့တွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များသည် လေကြောင်းခရီးဖြင့် တရုတ်နိုင်ငံမှ ပြန်လည်ထွက်ခွာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်