Skip to main content

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ပေးအပ်

ရေဖြူ   ဇန်နဝါရီ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနားကို ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကား ပြောကြားရာ ဒေသခံတောင်သူများ၏ လိုအပ်ချက်ဖြစ်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) များ ဆက်လက်ထုတ်ပေးနိုင်ရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဒေသခံတောင်သူ (၇၁) ဦး အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) များ အသီးသီးပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရပါသည်။

ဖြူဖြူရှိန်