Skip to main content

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းခရိုင်အတွင်းရှိ ၂၀၂၃ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့များနှင့် တွေ့ဆုံ

ကော့သောင်း အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်တွင် CAPIစနစ်ကို အသုံးပြု၍ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိသောအဖွဲ့များနှင့် ယနေ့နံနက်၉နာရီက ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲအခမ်းအနား ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက လွတ်လပ်ပြီး တရားမျှတသော‌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုဆောင်ရွက်နေသည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူသည့် လုပ်ငန်းမှသည် မှန်ကန်သည့် လူဦးရေစာရင်းရရှိရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးအဖွဲ့အနေဖြင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် မည်သို့ ပြုပြင်ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို အဖြေရှာရမည်ဖြစ်ကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်း၏ အားနည်းချက်၊ အားသာချက်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှသာ လာမည့် ၂၀၂၄ခုနှစ်တွင် ကောက်ယူမည့် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော့သောင်းခရိုင် သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က ကော့သောင်း ခရိုင်အတွင်း ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေသည့် မြို့ပြ ကောက်ကွက်နှင့် ကျေးလက်ကောက်ကွက် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ မြေပြင်အိမ်ထောင်စုနှင့် လူဦးရေစာရင်း မှန်ကန်စွာရရှိနိုင်ရေး၊ ကောက်ယူရာတွင် စာရင်း ကောက်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များက တွေ့ရှိရာအရပ်တွင် ကောက်ယူသည့်မူနှင့် တစ်အိမ်တက်ဆင်းကောက်ယူသည့် နည်းလမ်းတို့ဖြင့် Mobile Tablet များ အသုံးပြု၍ CAPIစနစ်ဖြင့် ကောက်ယူနေမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုက လိုအပ်သည်များနှင့် ဆက်လက်ဆောင်ရွက်မှုအခြေအနေများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယနေသည့် ပုလုံးတုံတုံးကျေးရွာသို့ သွားရောက်၍ စာရင်းကောက်အဖွဲ့များမှ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ ကျေးရွာနေပြည်သူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)