Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ National Research Nuclear University (Moscow Engineering Physics Institute-MEPhI) တက္ကသိုလ်နှင့် နျူကလီးယားနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများရေးထိုး

ရန်ကုန် အောက်တိုဘာ ၆

အဏုမြူစွမ်းအင်၊ နျူကလီးယားနည်းပညာ ဘာသာရပ်များ အပါအဝင် သိပ္ပံနည်းပညာနှင့် အင်ဂျင်နီယာ ဘာသာရပ်များတွင် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်အကျိုးပြု စွမ်းအားစုများအဖြစ် အရည်အသွေးပြည့်မီသော နည်းပညာရှင်များကို မွေးထုတ်ရေးနှင့် ပြည်သူ့အကျိုးပြု သုတေသနများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုမြှင့်တင်ဆောင်ရွက်နိုင်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အဓိကရည်ရွယ်ကာ တက္ကသိုလ်သုံးခုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ National Research Nuclear University (Moscow Engineering Physics Institute-MEPhI) တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားသည်။

ဒုတိယဝန်ကြီးက ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် အစဉ်မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုပြည့်နှစ်ဖြစ်ရာ ၁၉၅၈ ခုနှစ်၌ ရုရှားနိုင်ငံမှ စီးပွားရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပံ့ပိုးမှုများဖြင့် စတင်တည်ထောင်ပေးခဲ့ရာမှ မြန်မာ့အင်ဂျင်နီယာ ပညာရေးကဏ္ဍတွင် မီးရှူးတန်ဆောင်ဖြစ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ယနေ့ကျင်းပသည့် အခမ်းအနားသည် နှစ်နိုင်ငံကြား ခိုင်မြဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအတွက် ထူးခြားပြီး အရေးပါသည့် မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခြင်းပင်ဖြစ်ပါကြောင်း၊ Ranking မြင့်မားသည့်အထင်ကရ MEPhI တက္ကသိုလ်နှင့် မိမိတို့တက္ကသိုလ်များ ပူးပေါင်း ဆောင်ရွက်ရသည်ကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နျူကလီးယားနည်းပညာကဏ္ဍ မြင့်မားရေးအတွက် အပြန်အလှန်ဖလှယ်ကာ မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ MEPhI တက္ကသိုလ် ဒုတိယပါမောက္ခချုပ် Dr. Dmitry A Savkin က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တို့နှင့် MEPhI တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြကာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန Documentry သီချင်းနှင့် MEPhI တက္ကသိုလ် Documentry ဗီဒီယိုတို့ကို ကြည့်ရှုသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ MEPhI တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်ရှိ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များသည် ပင်မဆောင်ရှေ့နှင့် အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့တို့တွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

သတင်းစဉ်