မကွေး သြဂုတ် ၂၃
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံ/စီးပွားဝန်ကြီးဦးစိုးညွန့်လွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်မှ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ရူပါဝင်းနှင့် အရာထမ်း၊ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှဒုတိယဥက္ကဋ္ဌ ဦးသူရစောသိန်းနှင့် တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့အားကစားခန်းမ၌ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက မကွေးတိုင်းဒေသကြီးသို့ COVID-19 ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အလှူငွေများနှင့် ခိုင်းနွားများအတွက် အစာများထောက်ပံ့ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ စီမံ/စီးပွားဝန်ကြီး ဦးစိုးညွန့်လွင်က လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက်အတွက် ငွေကျပ်(၂၆)သိန်းကျော် တန်ဖိုးရှိ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများကို လည်း ကောင်း၊ နတ်မောက်မြို့ ဗိုလ်ချုပ်ပြတိုက်အတွက် ငွေကျပ်သိန်း(၁၀၀)ကိုလည်းကောင်း၊ ပြည့်သူ့ဆေးရုံ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပြည်သူများအတွက် တစ်ဦးလျှင်ငွေကျပ် (၁၀၀၀၀) စီ အပါအဝင် ငွေကျပ်သိန်း (၅၀) ကို လည်းကောင်း၊ နတ်မောက်ကွန်ယက်ပရဟိတလူမှုအကျိုးပြုအသင်းနှင့် ရင်ခွင်မဲ့လျှော့ချရေး လူမှုအကျိုးပြုအသင်း အတွက် ငွေကျပ် (၁၀) သိန်းစီကိုလည်းကောင်း၊ ခိုင်းနွားများအတွက် နွားစာမြက်များ၊ ဖွဲနုများဝယ်ယူနိုင်ရန်အတွက် ငွေကျပ်သိန်း (၁၂၀) ကိုလည်းကောင်း၊ သမြှားကျေးရွာရန်ပုံငွေအတွက် ငွေကျပ် (၁၀) သိန်းကိုလည်းကောင်း၊ ရုံးဆိပ်ကျေးရွာမီးလင်းရေးအတွက် ငွေကျပ်သိန်း (၅၀) ကိုလည်းကောင်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၇၄) သိန်းကျော်ကို ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားရာတွင် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအနေနဲ့ မကွေးတိုင်းဒေသကြီးကို အခုလိုလာရောက် လှူဒါန်းခြင်းဟာ ဒုတိယအကြိမ် ရှိပြီဖြစ်ကြောင်း၊ ဒီကော်မတီကို အဓိကပံ့ပိုးကူညီ လှူဒါန်းပေးနေသော ကမ္ဘောဇဘဏ်သည် ၂၀၁၅ ခုနှစ် ကတည်းကပင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ရေကြီးရေလျှံမှုတွင် ကူညီကယ်ဆယ်ရေးနှင့်ဆေးကုသမှုများဆောင်ရွက်နိုင်ရန် လှူဒါန်းခဲ့ခြင်း၊ ၂၀၁၆ခုနှစ်က မကွေးတိုင်းဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ငွေကျပ်သိန်း(၁၀၀၀)မတည်လှူဒါန်းခဲ့ခြင်း၊ ရေရှားပါးမှုမရှိစေရေး အတွက်စက်ရေတွင်းပေါင်း (၂၀) တူးဖော်လှူဒါန်းခဲ့ခြင်း၊ ရေနံချောင်း၊ ချောက်နှင့်နတ်မောက်မြို့များသို့ ငွေကျပ်သိန်းပေါင်း (၂၂၅၀)တန်ဖိုးရှိဂါလံ(၃၀၀၀)ဆံ့ရေသယ်ယာဉ် (၅) စီး လှူဒါန်းခဲ့ခြင်း၊ ၂၀၂၀ ခုနှစ် ဧပြီလတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပြည်သူများ COVID-19 ကြောင့် စားနပ်ရိက္ခာအခက်အခဲမရှိစေရန် ဆန်အိတ်ပေါင်း (၁၀၀၀) ပေးပို့လှူဒါန်းခဲ့ခြင်း၊ ၂၀၁၆ ခုနှစ်ဧပြီလတွင် အယ်နီညိုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သည့် လယ်ယာသုံးခိုင်းနွားများအတွက် တစ်ကောင်လျှင် ငွေကျပ် (၁၀) သိန်းနှုန်းဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တောင်သူလယ်သမားများဘဝပြန်လည် ထူထောင်နိုင်ရန်ကူညီပံ့ပိုးလှူဒါန်းခဲ့ခြင်း၊ ဇူလိုင်လအတွင်းက မိုးခေါင်သည့်ဒဏ်ကြောင့် အစာရေ စာပြတ်လပ်နေသည့်ခိုင်းနွားများအတွက် အစာများဝယ်ယူနိုင်ရန်လှူဒါန်းခဲ့ခြင်း၊ ယခုဆိုလျှင်လည်း ငွေကျပ် (၅၇၄) သိန်းကျော်တန်ဖိုးရှိ ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ တိရစ္ဆာန်အစာများကိုလှူဒါန်းခြင်း၊ အထက်ပါ ပေးအပ်လှူဒါန်းခြင်း အသီးသီးအတွက် အထူးပင်ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားသည်။
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း (၁၅၀၀၀) လှူဒါန်းထားရှိသည့် ကမ္ဘောဇ ဘဏ်သည် COVID-19 ရောဂါကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများအတွက် COVID-19 ကူးစက်မြန်ရောဂါမဖြစ်ပွားခင်အချိန် ဖေဖေါ်ဝါရီလ(၂၆)ရက်မှ စတင်ကာ၊ ယနေ့အချိန်ထိ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် (၅၉,၅၄၂)သိန်း၊ သိန်းပေါင်း (ငါးသောင်းကိုး ထောင်ငါးရာလေးဆယ့်နှစ်) လှူဒါန်းထားရှိပြီး ဖြစ်သည်။
ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့်ပြည်သူအတွက် ယနေ့အချိန်ထိ လူမျိုးမရွေး၊ ဘာသာ မရွေး၊ နေရာဒေသမရွေး ကဏ္ဍအသီးသီးတွင် အလှူငွေ စုစုပေါင်း(၁၆၆)ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)