Skip to main content

မန္တလေးမြို့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲဖွင့်ပွဲကျင်းပ

မန္တလေး  ဇန်နဝါရီ ၁၄

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုံးသီး အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲကို မန္တလေးမြို့၊ မန္တလာသီရိ မိုးလုံလေလုံအားကစားခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအားကစားသမားများက အားကစားသစ္စာဓိဌာန် (၄) ချက်အား ရွတ်ဆိုသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အားကစားသမား များအား လိုက်လံနှုတ်ဆက်အားပေးသည်။ ယင်းနောက် ပြိုင်ပွဲများအား ဆက်လက်ကျင်းပသည်။

အဆိုပါ ဝူရှူးအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက် မှ ၁၆ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အားကစားသမား (၁၇၀) ဦးကျော်တို့က ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ဝူရှူးပြိုင်ပွဲကို  ထောက်လုပြိုင်ပွဲနှင့် ဆန်းဆိုပြိုင်ပွဲ ဟူ၍ နှစ်မျိုးခွဲခြားကာ အမျိုးသား/အမျိုးသမီး ထောက်လုပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၁၁) မျိုးနှင့် ဆန်းဆိုပြိုင်ပွဲတွင် ကီလိုဝိတ်တန်းအလိုက် အမျိုးသားပြိုင်ပွဲအမျိုးအစား (၇) မျိုးနှင့် အမျိုးသမီးပြိုင်ပွဲ အမျိုးအစား (၅) မျိုး ပါဝင်ကြောင်းသိရသည်။ ဖွင့်ပွဲသို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး နှင့်လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများ၊ ဒိုင်အဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)