နေပြည်တော် အောက်တိုဘာ ၄
အာဆီယံ-ဂျပန် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
အဖွင့်အမှာစကား ပြောကြား
အခမ်းအနားတွင် မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးဝန်ကြီးဌာနဝန်ကြီး H.E. Datuk Seri Haji Mohamad Bin Sabu နှင့် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး H.E. Mr. Miyashita Ichiro တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
အာဆီယံ-ဂျပန် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် အာဆီယံနိုင်ငံများအနေဖြင့် ဒေသတွင်းတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအနာဂတ်ပန်းတိုင်များ ရရှိစေရန် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစ်ဆက်တည်းတွင် စားရေရိက္ခာဖူလုံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်နေရာ၌ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ခြင်းမရှိဘဲ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားစေရေးအတွက် ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုရေးနည်းစနစ်များနှင့် ဆောင်ရွက်ရန် လိုအပ်သည့်အတွက် အာဆီယံ-ဂျပန် မီဒိုရီ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို အဆိုပြုတင်ပြခဲ့သည့် ဂျပန်နိုင်ငံအစိုးရကို ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ကတိကဝတ်များပြုခဲ့ကြ
အစည်းအဝေးတွင် အာဆီယံ-ဂျပန် မီဒိုရီပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ဂျပန်နိုင်ငံမှ ဆန်းသစ်တီထွင်မှုမှတစ်ဆင့် ဒေသတွင်းစားရေရိက္ခာ ဖူလုံမှုရှိစေရန်ရည်ရွယ်၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ စားရေရိက္ခာ ဖူလုံမှုရှိစေရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်စေရေးတို့ကို တိုးမြှင့်စေရန် အာဆီယံ-ဂျပန် မီဒိုရီ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အကောင်အထည်ဖော်မှုဆိုင်ရာ ကတိကဝတ်များပြုခဲ့ကြသည်။
ထို့ပြင် အာဆီယံ-ဂျပန် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု နှစ်(၅၀) ပြည့်အထိမ်းအမှတ်အနေဖြင့် “Promoting Resilient and Sustainable Agriculture and Food System through Innovation” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲကို အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသနအဖွဲ့ အစည်း၏ အထောက်အပံ့ဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ နိုဝင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် အာဆီယံ-ဂျပန် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်