နေပြည်တော် စက်တင်ဘာ ၂၈
နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးကျေးရွာအုပ်စု ဝေသာလီကျေးရွာ၌ရောက်ရှိနေသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ရွှေဘုံသာကျောင်းတိုက်၌ ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူလူထုတို့ နှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဝင်က ယခင်ခရီးစဉ်များတွင် ကျေးရွာအုပ်စုများသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအထိ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေရရှိရေး စသည့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကအချက်မှာပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင်မြို့ပြနှင့် တောင်ပေါ်ကျေးလက်ဒေသ ကွာဟမှုမဖြစ်စေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း။
ယခင်လာရောက်သည့် ခရီးစဉ်တွင် မြသီတာကျေးရွာနှင့် ပြဒါးချောင်းကျေးရွာတို့မှ ပြည်သူလူထုများက တင်ပြကြသည့် လိုအပ်ချက်များအနက်တစ်ခုဖြစ်သည့် လျှပ်စစ်မီးရရှိရေးကို ယခုခရီးစဉ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့တွင် ထိုကျေးရွာများ၌ရာနှုန်းပြည့် လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပေးနိုင်ရန်အတွက် နယ်မြေဒေသတည်ငြိမ်အေးချမ်းလုံခြုံရေးသည်လည်း အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထုတစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ထို့ပြင် ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းရှိ တောင်ပေါ်ကျေးရွာများသည် သာယာလှပသည့်အတွက် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါစိတ်ဝင်စားပြီး လာရောက်လည်ပတ်နိုင်ရေးနှင့် လူထုဗဟိုပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ပြည်ထောင်ကိုးကျေးရွာအုပ်စု ဝေသာလီကျေးရွာမှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် ပန်းပေါင်းစုံဘုရား ဆင်းတုတော်များ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ကျောင်းသုံး စာရေးကိရိယာများ၊ သုတရသစာအုပ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများ၊ မျိုးစေ့များ၊ First Aid Kid များ၊ အသက် (၈၅) နှစ်နှင့်အထက် သံဃာတော်နှင့် အဘိုးအဘွားများအတွက် ထောက်ပံ့ငွေများနှင့်ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ထောက်ပံ့လှူဒါန်းပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လက်ခံရယူကြသည်။
ယင်းနောက် ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဝေသာလီကျေးရွာ ဒေသခံတိုင်းရင်းသား ပြည်သူလူထုကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ နေပြည်တော်ကောင်စီဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ဝေသာလီကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းသို့သွားရောက်ကာ ပျဉ်းမနားတောင်ပေါ် ဒေသကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စာပေသင်ကြားသင်ယူနေမှု အခြေအနေများကိုမေးမြန်းကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသုံးစာရေးကိရိယာများ၊ သုတရသစာအုပ်များ၊ စာစောင်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် နေပြည်တော်လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဝေသာလီကျေးရွာအဝင်လမ်းနှင့် ဝေသာလီအခြေခံပညာမူလတန်းလွန်ကျောင်းအဝင်လမ်းကို ကွန်ကရစ်လမ်းတိုးချဲ့ခင်းရန်တိုင်းတာခြင်း၊ နေပြည်တော်ကုသရေးဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့က ဝေသာလီကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် အခြေအနေများနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။
သတင်းစဉ်