Skip to main content

မြစ်ကြီးနားမြို့၊ လားရှိုးမြို့၊ မော်လမြိုင်မြို့၊ လှည်းကူးမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၈

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဒေသခံပြည်သူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံဆေးကုသရေးအဖွဲ့များကလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် ၇၆ ပါးတို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အမှတ်(၂)ရပ်ကွက်ရှိ မြို့မကျောင်းတိုက်မှ သံဃာတော် ၇၉ ပါးနှင့် ဒေသခံပြည်သူတို့ကိုလည်းကောင်း၊ မွန်ပြည်နယ်မော်လမြိုင်မြို့ တောင်ပေါက်ကျောင်းတိုက်ရှိ သံဃာတော် ၄၄ ပါးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဖရုံစုကျေးရွာနှင့် ဖဲခမဲကျေးရွာ၊ ကျောက်တန်းမြို့နယ်ရှိ ရွှေပြည်သာရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၄၁၃ ဦးတို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ချောင်းဝကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်ခုနစ်ပါးနှင့် ဒေသခံပြည်သူ ၄၇၄ ဦးတို့ကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များက သတ်မှတ်နေရာအသီးသီး၌ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG ၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သံဃာတော်များအား နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်