Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုဖွဲ့ (၂/၂၀၂၃) အစည်းအဝေးကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၈

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဓမ္ဓဝိဟာရကျောင်းဆောင်၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌတက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ သဘာပတိဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရက သြဝါဒကထာမြွက်ကြားရာတွင် ဗုဒ္ဓစာပေများကို သင်ကြားဖြန့်ဝေရာတွင် ခေတ်စနစ်များ ပြောင်းလဲမှုကြောင့် ယနေ့ခေတ်တွင် တက္ကသိုလ်ပုံစံအဆင့်မြင့်သင်ကြား ပို့ချသည့်ပုံစံများ ထွန်းကားလာ သည့်အတွက် ဗုဒ္ဓ၏တရားတော်များသည်လည်း ပိုမို၍လူထုပရိသတ်အကြား ထိုးဖောက်ဝင်ရောက် ထွန်းကားနေပြီဟု ယူဆကြောင်း၊ ယနေ့ခေတ် သင်ကြားရေးစနစ်များကြောင့် ခေတ်မီအထောက်အကူပြုပစ္စည်းများကြောင့် ဆရာရောတပည့်ပါ လွယ်လွယ်ကူကူဖြင့် မပင်မပန်းဘဲဓမ္မများကို လေ့လာသိရှိနိုင်ကြပြီဟုဆိုနိုင်ကြောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ်ထားရှိသည့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များသည်လည်း သက်တမ်းရှည်ကြာလာခဲ့ပြီဖြစ်ရာ အတွေ့အကြုံများလည်း ပိုမိုပြည့်ဝလာပြီဟု ယူဆကြောင်း မြွက်ကြားသည်။

လျှောက်ထား

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေးမှတ်တမ်းကို တင်ပြအတည်ပြုချက်ရယူခြင်း၊ ဗဟိုပညာရေးအဖွဲ့ (၂/၂၀၂၃) အစည်းအဝေး၏ တင်ပြချက်များအပေါ် ဝေဖန်ဆွေးနွေး ဆုံးဖြတ်ခြင်း၊ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်၊ မန္တလေး)တို့မှ တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်၊။ အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးက ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်ကပ်လှူဒါန်း

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စမ်းချောင်းမြို့နယ် ဗဟိုလမ်းရှိ အာရှတော်ဝင်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် ဝါးရုံတောသာသနပါလ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဒေါက်တာဘဒ္ဒန္တဝိသုတာဘိဝံသအား သွားရောက်ဖူးမြော်၍ ကျန်းမာရေးအခြေအနေ မေးမြန်းလျှောက်ထားကာ ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လှူဒါန်းသော နဝကမ္မအလှူတော် ငွေကျပ် သိန်း ၁၀၀ ကို ဆက်ကပ်လှူဒါန်းသည်။

သတင်းစဉ်