ရန်ကုန် စက်တင်ဘာ ၂၇
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲ စတုတ္ထနေ့ကို စက်တင်ဘာ ၂၇ ရက်က ဆက်လက်ကျင်းပရာ မြန်မာဝူရှူးအားကစားမယ် စန္ဒီဦးအဆင့် ၉ နေရာရရှိသည်။
စန္ဒီဦးသည် အမျိုးသမီးကျန့်စု - ချန်းစုပြိုင်ပွဲ နှစ်ခုပေါင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ပြီး အဆင့် ၉ နေရာသာရရှိခဲ့ခြင်း ဖြစ်သည်။ စန္ဒီဦးသည် ကျန့်စုပြိုင်ပွဲတွင် ၉ ဒသမ ၂၆၆ မှတ်၊ ချန်းစုပြိုင်ပွဲတွင် ၉ ဒသမ ၆၇၀ မှတ် စုစုစုပေါင်း ၁၈ ဒသမ ၉၃၆ မှတ် ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်နိုင်ငံသူ လီရှောင်ရှောင်က ၁၉ ဒသမ ၆၀၀ မှတ်ဖြင့် ရွှေတံဆိပ်၊ အီရန်နိုင်ငံသူ ဇာရာက ၁၉ ဒသမ ၄၃၆ မှတ်ဖြင့် ငွေတံဆိပ်၊ ဗီယက်နမ်နိုင်ငံသူ ဒေါင်သွေဗီက ၁၉ ဒသမ ၄၂၆ မှတ်ဖြင့် ကြေးတံဆိပ်ရရှိသည်။
ယခု အာရှအားကစားပြိုင်ပွဲတွင် မြန်မာဝူရှူးအားကစားသမားလေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လေးဦးစလုံး ဆုတံဆိပ်နှင့်လွဲချော်ခဲ့သည်။ မြန်မာဝူရှူးအားကစားသမားများဖြစ်သည့် စွမ်းရည်ထက်နိုင်၊ စန္ဒီဦး၊ အေးသစ္စာမြင့်နှင့် မြတ်နိုးအိမ်တို့ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - ဝူယွမ်တန်