Skip to main content

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

ဘားအံ စက်တင်ဘာ ၂၇

အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

အချိန်ကိုအကျိုးရှိရှိဖြင့်ပြုစုပျိုးထောင်

လူငယ်စကားဝိုင်းကို ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များက လူငယ်ပွဲတော်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူငယ်လူရွယ်မောင်မယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှုအရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ကဏ္ဍများတွင် သာတူညီမျှမှုရှိစွာဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူချွန်လူကောင်းများအဖြစ် မားမားမတ်မတ် ရပ်တည်သွားနိုင်စေရန် မိမိကိုယ်မိမိ အချိန်ကိုအကျိုးရှိရှိဖြင့် ပြုစုပျိုးထောင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က တိုင်းပြည်နှင့် အနာဂတ်အတွက် လူငယ်များ၏အရေးပါမှု အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား/ကျန်းမာရေးခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များနှင့် မရှင်းလင်းသည်များကို မေးခွန်းများပြန်လည် မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြသည်။

လူငယ်စကားဝိုင်းအပြီးတွင် လူငယ်များက Fitness Dance ဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးကြသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ပြည်နယ်ပညာရေးဌာနနှင့် အခြေခံပညာကျောင်းများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ကြည့်ရှုအားပေး

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီက ခင်းကျင်းပြသထားသော လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော လူငယ်အသိပညာပေး စာအုပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေ ဘားအံပညာ့ရိပ်သာအိမ်ရာဝင်း တည်ဆောက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်သုံးမီတာများ ပြောင်းလဲတပ်ဆင်ပေးနိုင်ရေး၊ အရိပ်ရပန်းအလှပင်များ ထည့်သွင်းစိုက်ပျိုးပေးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ ဖြစ်စေရေးတာဝန်ရှိသူများကို မှာကြားကာ အဆောက်အအုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်