တောင်ကြီး စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ စိစစ်ခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပူးပေါင်းဆောင်ရွက်
အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းဦးက နိုင်ငံရေးပါတီများ အနေဖြင့် တင်ပြထားသည့် ပါတီဝင်အင်အားများ မှန်ကန်မှု ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ ပါတီဝင်များ၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မှန်/မမှန်၊ မိဘအမည်၊ နေရပ်လိပ်စာ မှန်/မမှန်၊ ၎င်းတို့ ပါတီဝင်ဖြစ်ကြောင်း ပါတီအဆိုပြုလွှာနှင့် ပါတီဝင်အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးထားရှိမှုတို့ကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က စိစစ်ရာတွင် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများကလည်း ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်အလိုက် စစ်ဆေးခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးစေ ရန် ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
အစည်းအဝေးသို့ ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲအရာရှိများ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အလားတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် (မြောက်ပိုင်း) အတွင်းရှိ ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ပါတီတာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမများ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ရှင်းလင်းပြောကြား
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိများက နိုင်ငံရေးပါတီများအနေ ဖြင့် တင်ပြထားသည့် ပါတီဝင်အင်အားများ မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်အဖွဲ့အစည်းများက စိစစ်ရာတွင် သက်ဆိုင်ရာပါတီ၏ မြို့နယ်ပါတီတာဝန်ခံများက ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာပါတီများက ပေးပို့လာသော ပါတီဝင်အင်အားစာရင်းသည် ပြည့်စုံမှန်ကန်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသောပါတီဝင် အင်အားစာရင်းဖြစ်လာမည်ဖြစ်သဖြင့် အလေးထားဂရုပြုဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာမြို့နယ်အလိုက် စစ်ဆေးခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ “ဝ” အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်များက သတ်မှတ်ကာလအတွင်း စိစစ်ရေးလုပ်ငန်းများ ပြီးစီးစေရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်