Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဆော်ဒီအာရေဗျနိုင်ငံ၌ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဦးဆောင်သူများဖိုရမ်သို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၇

ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (UNWTO)နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့ပူးပေါင်း၍ ဆော်ဒီအာရေဗျ နိုင်ငံ၏မြို့တော် Riyadh (ရီရတ်ဒ်) မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် ယနေ့တွင် ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ခရီးသွား လုပ်ငန်းဆိုင်ရာ ဦးဆောင်သူ များဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး (ရီရတ်ဒ်)မြို့မှ သံအမတ်ကြီး ဦးတင်ယုတို့ပါဝင် တက်ရောက်ကြသည်။

အခမ်းအနားကို ဖွင့်လှစ်ပေး

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် အိမ်ရှင်ဆော်ဒီအာရေဗျနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Mr. Ahmed AI Khateeb နှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili တို့က အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်ဒါရိုက်တာ Ms. Natalia Bayona က ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှု မူဘောင်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဆွေးနွေးပွဲ (panel session) များအား ဆက်လက်ကျင်းပရာ တူရကီနိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Mr. Mehment Nuri Ersoy နှင့် ဆွေးနွေးသူများက ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ချက်များတွင် လူငယ်ခရီးသွားများ၏ စိတ်ပါဝင်စားမှုများ မြင့်တက်လာသည့် အခြေအနေအပါအဝင် ခရီးသွားလုပ်ငန်း၏စွမ်းအားနှင့် ဆက်နွှယ်ဆောင်ရွက်သူများအကြား ပေါင်းကူးတံတားအဖြစ် တည်ရှိနေမှုတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဆန်းသစ်မှုရှိသော စီးပွားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Rizki Handayani Mustafa နှင့် ဆွေးနွေးသူများက ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရေးနှင့်ကျွမ်းကျင်မှုများ ထူထောင်ရေးတွင် ရင်းနှီးမြှုပ်နှံခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စပိန်နိုင်ငံ စက်မှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Rosa Ana Morillo Rodriguez နှင့် ဆွေးနွေးသူများက ခရီးစဉ်ဒေသများတွင် ရင်းနှီးမြှုပ်နှံခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။

ဆွေးနွေးပွဲများကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပပြီး ဥဇဘက်ကစ္စတန်၊ တန်ဇန်းနီးယားအပါအဝင် နိုင်ငံပေါင်း ၁၂၀ မှ အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ် ၅၀၀ ကျော် ပါဝင်တက်ရောက် ကြသည်။

တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ခရီးသွားလုပ်ငန်းဦးဆောင်သူများဖိုရမ်သို့ ဆက်လက်ပါဝင် တက်ရောက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနားနှင့် ဖိုရမ်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လျော့နည်းကျဆင်းခဲ့ရသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်း အခြေအနေကို ပြန်လည်တိုးတက်ကောင်းမွန်၍ ကြံ့ကြံ့ခံစေရန်နှင့် Agenda 2030 (အာဂျင်ဒါ ၂၀၃၀) နှင့် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင် များ(SDGs)အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်ရန်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ၂၀၂၃ ခုနှစ်အတွက် “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု များမြှင့်တင်ပေး ဟူသော ဦးတည်စာသားဖြင့် ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရေးနှင့် ကျွမ်းကျင်မှုများဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်တွင် ရင်းနှီးမြှုပ်နှံကြရန်လည်းကောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိသည့် ပြောင်းလဲမှုလုပ်ငန်းစဉ်များဖော်ဆောင်ရန် ကမ္ဘာမြေကြီးအတွက် ရင်းနှီးမြှုပ်နှံကြရန်လည်းကောင်း၊ တီထွင်ဆန်းသစ်ခြင်း၊ နည်းပညာနှင့်စွန့်ဦးတီထွင်မှုများ စသည်တို့တွင် စနစ်တကျ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကြွယ်ဝချမ်းသာမှုကို ပိုမိုအလေးထား ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်