မော်လမြိုင် စက်တင်ဘာ ၂၇
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာ ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့ အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မွန်ပြည်နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဦးခင်ဇော်ကမွန်ပြည်နယ် လူငယ်ရေးရာ ကော်မတီဖွဲ့စည်းထားရှိမှု၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြကာ လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့် လျာထားလုပ်ငန်းစဉ်များ၊ အသုံးစရိတ် လျာထားတင်ပြချက်များ၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအဆင့်မြင့်နှင့် အခြေခံပညာအဆင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ထပ်မံဖြည့်စွက်ဆွေးနွေးပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာပြည်နယ် ဝန်ကြီးချုပ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ မွန်ပြည်နယ်လူငယ် ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်း ရေးမှူးအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှု အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး စာရေးဆရာမ တက္ကသိုလ်နန်းဖြူဖြူထွန်းက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟောပြောသည်။
ယင်းနောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ဗိုဗီနမ်အဖွဲ့က သရုပ်ပြသခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ကာယဗလ အားကစားသမား မောင်လင်းလင်းထိုက်က သရုပ်ပြသခြင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းသားသင်တန်းသူများက Fitness Dance ဖြင့် သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ လူငယ်ရေးရာဦးစီးဌာနအတွက် ငွေကျပ်သိန်း ၅၀ ကို ဒုတိယ ဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက မွန်ပြည်နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများ အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မွန်ပြည်နယ်ပညာရေးမှူးက လက်ခံရယူပြီး မော်လမြိုင်မြို့နယ်ရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြကာ တာဝန်ရှိသူများက စာရေးဆရာမတက္ကသိုလ် နန်းဖြူဖြူထွန်း၊ သရုပ်ပြအဖွဲ့များနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများကို တက်ရောက်လာသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်