နေပြည်တော် စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၁၇၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် အပြစ်မဲ့အရပ်သား ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့် ကျေးရွာအတွင်းသို့ ထိခိုက်ပျက်စီးစေလိုသည့် ရည်ရွယ်ချက်ဖြင့် အဝေးမှနှောင့်ယှက်ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်းနှင့် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းနေထိုင်လျက်ရှိသည့် ၁၁ နှစ်အရွယ်အပြစ်မဲ့ အရပ်သားကလေးငယ်အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA အဖွဲ့ဝင်များသည် အဆိုပါကျေးရွာ၏ အနောက်တောင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် TNLA အဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့အရပ်သားကလေးငယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နမ့်ဖတ်ကာပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နမ့်ဖတ်ကာကျေးရွာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့်နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။