Skip to main content

ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ငွေများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးသည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။