Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၄)နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကျင်းပ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တက်ရောက်

ရန်ကုန် စက်တင်ဘာ ၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေညပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်အမရပူရခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ဇနီးတို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Ms. Cao Jing က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Ms. Cao Jing တို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြပြီး အခမ်းအနားသို့တက်ရောက်လာကြသူများအား သံရုံးယာယီတာဝန်ခံက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း (ဗဟို) မှ နာယကနှင့်တာဝန်ရှိသူများ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းစဉ်