Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရန်ကုန်မြို့ရှိ ဇိဝိတဒါနသံဃာ့ဆေးရုံ ကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဇိဝိတဒါနသံဃာ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဇိဝိတဒါနသံဃာ့ဆေးရုံအစည်းအဝေးခန်းမ၌ ဇိဝိတဒါနသံဃာ့ဆေးရုံအုပ်ချုပ်ရေးအဖွဲ့နှင့်တွေ့ဆုံရာ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးမောင်သန်းက ဇိဝိတဒါနသံဃာ့ဆေးရုံ၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဦးမောင်အေးက ဆေးရုံအတွင်း ဆေးကုသဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကိုမေးမြန်းကာ လိုအပ်သည်များမှာကြား၍ ဇိဝိတဒါနသံဃာ့ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေကျပ် ၂၀၅၀၀၀ဝိ/- (နှစ်ဆယ်သိန်း ငါသောင်း) နှင့် တစ်နေ့တာ ဆွမ်းပဒေသာပင် အလှူငွေကျပ် ၄၅၀၀၀ဝိ/- (လေးသိန်းငါးသောင်း) ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံတက်ရောက်ကုသမှုခံယူနေသော ရဟန်း (၄၈) ပါးနှင့် သီလရှင် (၃၇) ပါး စုစုပေါင်း (၈၅) ပါးတို့အား ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထား၍ အလှူငွေများဆက်ကပ်လှူဒါန်းသည်၊၊

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တိပိဋကဩဝါဒါစရိယစေတီယင်္ဂဏပဝရ သီရိမဟာဓမ္မဂုရု အဂ္ဂမဟာပဏ္ဍိတ သ..အ ဓမ္မာစရိယ(ဝဋံသကာ) ပါဠိပါရဂူ ပဓနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်းရှိ အာရှတော်ဝင်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် ဝါးရုံတောသာသနပါလကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တ ဝိသုတာဘိဝံသ၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ၊ အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးတောရ ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ ဆရာတော်အရှင်သူမြတ်တို့အား သီးခြားစီသွားရောက်ဖူးမြော် ကြည်ညိုကာ သာသနာရေးဆိုင်ရာများလျှောက်ထား၍ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများထံမှ ဩဝါဒကထာ နာယူကြည်ညိုခဲ့ကြောင်း သိရသည်၊၊

သတင်းစဉ်