နေပြည်တော် ဩဂုတ် ၂၁
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေ စီမံ ခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ရန်ုပုံငွေဖြင့် မသန်စွမ်းသူများ၏ ဘဝပိုမိုမြင့်မား တိုးတက်လာစေရေး၊ လူ့အဖွဲ့အစည်းအတွင်း အများ နည်းတူ တန်းတူညီမျှ ပါဝင်ခွင့်ရရှိရေးနှင့် မသန်စွမ်းမှု အလိုက် လိုအပ်သောဝန်ဆောင်မှုများ ရရှိခံစားနိုင်ရေး အတွက် လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ရန်ပုံငွေကို တည်ထောင်ခြင်းဖြစ်ကြောင်း၊ မသန်စွမ်းများအား ထောက်ပံ့ပေးခြင်းအပြင် ရန်ပုံငွေအား ချေးငွေအဖြစ် ထုတ်ချေးရာတွင် ချေးငွေသက်တမ်း၊ အတိုးနှုန်းတို့ကို သတ်မှတ်ရန်လိုအပ်ကြောင်း၊ ရန်ပုံငွေတည်ထောင်ခြင်း ကိုလည်း အများပြည်သူသို့အသိပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းအမျိုးအစားအလိုက် စိစစ်ဆောင်ရွက်သင့်ကြောင်း၊ မသန်စွမ်းသူအားလုံးပါဝင် နိုင်စေရန် နှင့် မူဝါဒတစ်ရပ် ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က Third Party ဖြင့် ဆောင်ရွက် ပါက တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက် ရန်လိုပါကြောင်း၊ ချေးငွေထုတ်ပေးခြင်းဖြစ်၍ ဥပဒေနှင့် အညီ စည်းကမ်းတကျဖြစ်စေရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် သက်ဆိုင်ရာဌာနများ၏ အကူအညီလိုအပ်ပါ ကြောင်း၊ ချေးငွေထုတ်ပေးရာတွင် စံနှုန်းသတ်မှတ်ချက်များ ထားရှိရန် လိုပါကြောင်း၊ စောင့်ကြည့်စိစစ်ခြင်း၊ အာမခံ ပေးနိုင်မှုအခြေအနေ စသည်တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ရန်ပုံငွေအပေါ် ဆောင်ရွက်ရန်နည်းလမ်း များနှင့်စပ်လျဉ်း၍ တက်ရောက် လာသူများက ဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ အတွင်းရေးမှူး၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေတည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်