လွိုင်ကော် စက်တင်ဘာ ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သော နိုင်ငံရေးပါတီများအနက် ကယားပြည်နယ်အတွင်းရှိ ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီ (၂)ပါတီ၏ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကယားပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက နိုင်ငံရေးပါတီများက တင်ပြသော ပါတီဝင်အင်အားစာရင်းကို ကနဦးစစ်ဆေးချက်များအရ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းတွင် မရှိသူများ၊ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ် အမှတ်တူနေသူများ၊ ဝန်ထမ်းများ၊ နေရပ်လိပ်စာ မပြည့်စုံသူများ အစရှိသည့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါရှိနေကြောင်း တွေ့ရှိသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ ပါ အရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ်စည်းရုံးရမည်ဖြစ်ကြောင်းနှင့် ပုဒ်မ ၂၄ အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့် ကော်မရှင်က ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
အစည်းအဝေးသို့ ကယားပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကယားပြည်နယ်အတွင်း ပါတီရုံးခွဲဖွင့်လှစ်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်