Skip to main content

ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြည်သူလူထုစားဝတ်နေရေးပြေလည်စေရေး အလေးထားဆောင်ရွက်ကြစေလို

နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းများ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့် စားသုံးဆီများ ရောင်းချနိုင်ရေးအတွက် ဆန်လုပ်ငန်းရှင်များ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဆန်လုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ မြို့နယ်ရှစ်မြို့နယ်အတွက် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းသား ၂၄ ဦးက ရက်သတ္တပတ်လျှင် ၅ ရက် ဆီပီပါ ၂၀၀ ခွဲတမ်းချ၍ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းချခြင်းရှိ မရှိ၊ ရောင်းချရန် အစီအစဉ်အတိုင်း ရောင်းချမှုများကို စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်အတွင်း မြို့နယ်ရှစ်မြို့နယ်ရှိ ဆန်လုပ်ငန်းရှင်ကြီးများအနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် သက်သာသောနှုန်းထားဖြင့် ပြည်သူလူထုအားဆန်များ ဆက်လက်ရောင်းချပေးစေလိုကြောင်း၊ နေပြည်တော်အတွင်းရှိ ဝေးလံခေါင်ပါးသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် စားအုန်းဆီနှင့် ဆန်များသက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ပြည်သူလူထုစားဝတ်နေရေး ပြေလည်စေရေးကိုလည်း အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စားသုံးဆီဖြန့်ဖြူး ရောင်းချရေးကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇေယျာလင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများကို သက်သာသောဈေးနှုန်းများ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများရောင်းချနေမှုနှင့် ဆက်လက်ရောင်းချမည့် အခြေအနေများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်စားသုံးဆီဖြန့်ဖြူး ရောင်းချရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းနှင့် ဌာနဆိုင်ရာများ၊ နေပြည်တော်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဆန်လုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်နှင့် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်တို့၌ နေပြည်တော်၊ ခရိုင်/မြို့နယ် စားသုံးဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီတို့၏ကြီးကြပ်မှုဖြင့် စားသုံးဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်း တစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀ ဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းတုံကင်စနစ်ဖြင့် သပြေကုန်းရပ်ကွက်တွင် အိမ်ထောင်စု ၅၅၀ နှင့် ဒက္ခိဏသီရိရပ်ကွက်တွင် အိမ်ထောင်စု ၅၅၀ ကို လက်ဝယ်အရောက် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

သတင်းစဉ်