Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ကိုယ်စားလှယ်အဖွဲ့ (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (16th Conference of ASEAN Ministers Responsible For Information - AMRI ) နှင့် (20th ASEAN Senior Officials Meeting Responsible for Information- SOMRI) နှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် ( AMRI +3) အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြပြီး စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အတည်ပြုထုတ်ပြန်နိုင်

(၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (16th AMRI) တွင် AMRI ၏ ASEAN 2030 မှ Vision Statement ၊ Da Nang Declaration (ဒါနန်းကြေညာချက်)၊ သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးဆိုင်ရာ လမ်းညွှန်ချက်(TBC)၊ သတင်းတုများဆိုင်ရာ အာဆီယံလုပ်ငန်းအဖွဲ့(TFFN)၏ လုပ်ငန်းအစီအစဉ်များ၊ အာဆီယံ - တရုတ် သတင်းအချက် အလက်နှင့်မီဒီယာများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး လုပ်ငန်းစီမံချက် 2018-2024 သက်တမ်းတိုးခြင်း၊ အာဆီယံ+ ၃ သတင်းအချက်အလက်နှင့် မီဒီယာများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးလုပ်ငန်းစီမံချက် 2018-2023 သက်တမ်းတိုးခြင်း အပါအဝင် ပူးတွဲထုတ်ပြန်ချက်များနှင့် သဘောထားများကို အတည်ပြု ထုတ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် သတင်းအချက်အလက်နှင့် မီဒီယာများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုယ်စား ညှိနှိုင်ရေးမှူးတာဝန် (Country Coordinator) ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ရင်းနှီးပွင့်လင်းစွာဆွေးနွေး

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးဌာနဝန်ကြီး၊ Deputy Head of the Publicity Department of the CPC Central Committee ဖြစ်သူ H.E. Mr. SUN YELI ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Nguyen Manh Hung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပြီး မီဒီယာနှင့်ပြန်ကြားရေးဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်အဖွဲ့သည် (၁၆) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ စက်တင်ဘာလ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် အကြိမ်(၂၀)မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (20th SOMRI)၊ (၇)ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (7th SOMRI+3)၊ (၄)ကြိမ်မြောက် အာဆီယံ + ဂျပန် ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (4th SOMRI+J)များသို့ တက်ရောက်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ ဖိလစ်ပိုင်ပြန်ကြားရေးအေဂျင်စီမှ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Jose A. Torres, Jr. နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ သတင်းမီဒီယာနှင့် ပြန်ကြားရေးဆိုင်ရာ ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အမြင်ချင်းဖလှယ်နိုင်ခဲ့

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေး၊ အကြိမ်(၂၀)မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး နှစ်နိုင်ငံသီးခြားတွေ့ဆုံမှု များအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် မီဒီယာဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အမြင်ချင်းဖလှယ်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်