ညောင်ဦး စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မြေအောက်ရေသွင်း၍ အိန္ဒိယငရုတ်မျိုးစိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသည့် ငရုတ်သီးစိမ်း တစ်ပိဿာကျပ်ငါးထောင်ဖြင့် ရောင်းချရခြင်းကြောင့် အိန္ဒိယငရုတ်မျိုးစိုက် တောင်သူများအဆင်ပြေလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ အထက်ဉာဉ့်အုပ်စု၊ သူကောင်းတည်ကျေးရွာအုပ်စုများသည် မြေအောက်ရေသွင်း၍ သီးနှံအမျိုးမျိုးစိုက်ပျိုးကြရာ သီးနှံပေါ်ချိန်တွင် ဈေးကောင်းရနိုင်သည့်သီးနှံများကို ရွေးချယ်စိုက်ပျိုးကြသဖြင့် ယခုနှစ်တွင် အိန္ဒိယငရုတ်မျိုးဖြစ်သည့် မျှားနီတံဆိပ်ငရုတ်မျိုးနှင့် အိန္ဒိယ ပက်လက်ငရုတ်မျိုးများကို တောင်သူအများစုစိုက်ပျိုးကြကြောင်း သိရသည်။ ဝါဆိုလ၊ ဝါခေါင်လတွင် ငရုတ်မျိုးများကိုပျိုးထောင်ကြကာ ပျိုးထောင်ပြီး ရက်ပေါင်း ၄၅ ရက်ရှိလျှင် ယာခင်း၊ ကိုင်းခင်းအတွင်း ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ ငရုတ်မျိုးစေ့ပျိုးထောင်ရာတွင် အိတ်တစ်အိတ်လျှင် မျိုးစေ့(ပျိုး) တစ်စေ့နှုန်းဖြင့် ပျိုးထောင်ကြကာ အိန္ဒိယမျှားနီငရုတ်မျိုးတစ်ထုပ်လျှင် မျိုးစေ့ ၁၀၀၀ ပါပြီး ကျပ် ၉၀၀၀ ပေးရကြောင်း၊ အိန္ဒိယပက်လက်ငရုတ်မျိုးတစ်ထုပ်လျှင် ကျပ် ၃၀၀၀ ပေးရပြီး မျိုးစေ့ ၄၀၀ ခန့်ပါကြောင်း၊ ယာထဲ၊ ကိုင်းကျွန်းအတွင်း ရွှေ့စိုက်ပြီးချိန် နှစ်လခွဲခန့်အကြာတွင် အပွင့်အသီးသီးကာ သုံးလခန့်တွင် ခူးဆွတ်ရောင်းချရကြောင်း သိရသည်။
ယခုစိုက်ပျိုးထားသည့်မျိုးကို မိုးထောင်မျိုးဟု ခေါ်သေးကြောင်း၊ မြစ်ရေတင်ငရုတ်စိုက်တောင်သူများနှင့် မြေအောက်ရေတူးဖော်ကာ စိုက်ပျိုးသည့်ငရုတ်မျိုးသည် အပြွတ်လိုက်သီးကာ မိုးပေါ်ထောင်သီးကြောင်း၊ ငရုတ်သီးအမှည့်အစိုဈေးမှာ တစ်ပိဿာ ကျပ် ၁၀၀၀၀ ဖြင့် ရောင်းချရပြီး ငရုတ်နောက်ပိုင်းသီးကိုမျိုးသီးအဖြစ် အမှည့်ထားကြသော်လည်း ဒုတိယမျိုးဆက်အသီးမှာ သေးငယ်ကာ ပထမမျိုးဆက် စိုက်သလောက် အသီးမသီးသောကြောင့် ငရုတ်သီးမှည့်မျိုးမယူကြဘဲ အမှည့်သာဆွတ်ခူးပြီး ရောင်းချကြကြောင်း၊ လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်းကျေးရွာမှ ငရုတ်စိုက်တောင်သူ ဦးကျော်သူက ပြောသည်။
အဆိုပါ ငရုတ်စိုက်တောင်သူများသည် ငရုတ်သီးများ လှိုင်လှိုင်သီးချိန် သီတင်းကျွတ်လပြည့်ကျော်မှ နတ်တော်၊ ပြာသိုလထိငါးရက်တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း စိုက်ခင်းကျယ်ကျယ်သလို ငရုတ်အထွက်များကြောင်းသိရကာ ငရုတ်သီးခူးသမတစ်ဦးလျှင် တစ်နေကုန်ကျပ် ၅၀၀၀ ပေးရကြောင်းနှင့် ထွက်ရှိလာသည့်ငရုတ်သီးများကို ပခုက္ကူဈေးကွက်၊ မြင်းခြံဈေးကွက်နှင့် ညောင်ဦးဈေးသို့ သွားရောက်ရောင်းချခြင်းနှင့် ငရုတ်သီးပွဲစားများရွာထိ လာရောက်ဝယ်ယူကြကြောင်း၊ ငရုတ်သီးတစ်ပိဿာလျှင် ကျပ် ၄၀၀၀ ဈေးအောက် မကျရောက်နိုင်ကြောင်း၊ အတက်ဈေးသာရှိနိုင်ကြောင်းနှင့် ငရုတ်စိုက်တောင်သူများ လိုချင်သည့်ဈေးနှုန်းရရှိခြင်းကြောင့် ငရုတ်စိုက်ပျိုးတောင်သူများ အဆင်ပြေနေကြကြောင်း ဦးကျော်သူထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)