ပေါင်းတည် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ပေါင်းတည်မြို့နယ်၌ မိုးဦးကျခါစကာလက စိုက်ပျိုးခဲ့သော သက်လတ်မိုးစပါးများကို စတင်ရိတ်သိမ်းလျက်ရှိသည်။
ဇွန်လက စိုက်ပျိုးခဲ့သော GW 11 အထွက်ကောင်းမျိုးစပါးနှင့် ဆင်းသုခစပါးများကို ရိတ်သိမ်းနေခြင်းဖြစ်ပြီး အစိုဓာတ်ရှိနေသေးသဖြင့် လတ်တလောတွင် ကြိတ်ခွဲ၍မရသေးဘဲ နေလှန်းအခြောက်ခံခြင်းနှင့် စက်ဖြင့်အပူပေးအခြောက်ခံခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။
ချက်ချင်းရောင်းချလျက်ရှိ
စိုက်ပျိုးဧကနည်းသော တောင်သူအများစုသည် ရိတ်သိမ်းပြီးစပါးများကို သိုလှောင်ခြင်းမရှိဘဲ လယ်ကွင်းအတွင်းမှာပင် ရိတ်ခြွေစက်မှကျလာသော စပါးများကို မျိုးစပါးချန်ကာ ကတ္တားချိန်၍ စပါး ပွဲစားများထံ ချက်ချင်းရောင်းချလျက်ရှိကြောင်း၊ ယင်းတောင်သူများသည် ဆန်ကို ဆန်ဆိုင်များမှ ကာလပေါက်စျေးဖြင့် လက်လီပြန်လည်ဝယ်ယူစားသောက်ကြောင်း သိရသည်။
ဒေသတွင်း၌ GW 11 လယ်ကွင်း(စက်ကျ) ရောင်းချပါက ပေါင် ၅၀ တင်း ၁၀၀ နှုန်းကို ကျပ် ၁၅၈၀၀၀၀ နှင့် ဆန်စက်အရောက်ပို့ဆောင်ပါက ကျပ် ၁၆ သိန်းဖြင့်လည်းကောင်း၊ ဆင်းသုခစပါးကို လယ်ကွင်းအတွင်း ကျပ် ၁၅ သိန်းဖြင့်လည်းကောင်း ရောင်းဝယ်နေကြကြောင်း သိရသည်။
“မိုးစပါးအသစ် အဖွင့်ဈေးကောင်းပါတယ်။ ဒီဈေးနဲ့ဆိုရင်မဆိုးပါဘူး။ အောက်တိုဘာလဆိုရင် ဇူလိုင်လကစိုက်တဲ့စပါးအားလုံး ဆက်တိုက်ရိတ်ကြတော့မှာပါ”ဟု လယ်ယာလုပ်ကိုင်နေသူတောင်သူတစ်ဦးက ပြောသည်။
သူရကြီး(ပြန်/ဆက်)