Skip to main content

တရားမဝင်လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၂၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၂၃)မိုင် (၅)ဖာလုံနှင့် မိုင်တိုင်အမှတ်(၂၁)မိုင် (၆)ဖာလုံတို့၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသောယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကလေးထိုင်ခုံ ၁၈ လုံး၊ Collagen Day & Night Cream ဘူး ၅၇၆၀ အပါအဝင် ကုန်ပစ္စည်း ၁၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၁၇၉၉၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၁၇၉၉၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သိမ်းဆည်းရမိ

ထို့ပြင် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Pencil Case ကီလိုဂရမ် ၁၀၃၀၊ Clip File ကီလိုဂရမ် ၉၀၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၆၈၅၈၆၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Gano Excel တိုင်းရင်းဒူးနာပျောက်ဆေး ၁၄၉ ဘူး၊ Hand Set ခြောက်လုံး၊ Electrical Spare Parts တစ်ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၉၃၉၀၃)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Raw Materials For Industy Test Liner ကီလိုဂရမ် ၈၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၅၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၅၃၅၇၆၃ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၂၁ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ အေးရှားဝေါလ်တိုးဂိတ်အကျော် နမ့်ခွန်ရွာအနီး လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် REDMI 9 ဖုန်းမှန် ၁၅ ခု၊ REDMI 8 ဖုန်းမှန် ၁၂ ခု၊ REDMI 10X ဖုန်းမှန် ၁၀ခု၊ REDMI NOTE 11R ဖုန်းမှန် ၁၀ ခုအပါအဝင် ကုန်ပစ္စည်း ၁၈မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၄၆၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၂၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ကမော့ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Pro Link UPS ၈၀၀၊ ရေခဲသေတ္တာ (2 Door) လေးလုံး၊ Samaung အဝတ်လျှော်စက် ၁၄ လုံး၊ Standard Washing Dispenser ၃၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၈၀၄၅၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ကော့ကရိတ် (တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်နှစ်ကောင်စားဆီ လီတာ ၆၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၆၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၄၆၄၅၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စက်တင်ဘာ ၂၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ် ရေခွဲတောင်ကျွန်းအနီး၌ တရားမဝင်ငါးဖမ်းစက်လှေတစ်စင်းပေါ်မှ ငါးကီလိုဂရမ် ၃၁၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)နှင့် အလျား ၆၂ ဒသမ ၀၈ ပေ၊ အနံ ၁၈ ဒသမ ၁၁ ပေ၊ ရေစူး ၈ ဒသမ ၁ ပေရှိသည့် သစ်သားကိုယ်ထည် ကမ်းနီးငါးသယ်ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၂၂၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇၂၂၀၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ရက်တို့တွင်   သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၉၅၄၆၁၆၃)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်