တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Jiangsu ပြည်နယ်၊ Lianyungang မြို့ရှိ Jinlin Haizhou Bayview Conference Center ၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃) (Lianyungang ဖိုရမ်)သို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်တွင် ပြုလုပ်ခဲ့သော ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး Mr. Wang Xiaohong တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညီလာခံအားအပိုင်း ၄ ပိုင်းခွဲ၍ ကမ္ဘာ့လုံခြုံရေးအပေါ်ကြိုတင်ခန့်မှန်းခြင်း၊ ပြည်သူ့လုံခြုံရေးအတွက် ဘက်စုံထောင့်စုံမှ စုပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာအစီအစဉ်များ တိုးမြှင့်ပြုလုပ်ခြင်း၊ လုံခြုံမှုရှိခြင်းကြောင့် ရရှိလာသည့် ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို မျှဝေခံစားခြင်း စသည့် ခေါင်းစဉ် ၄ ရပ်ဖြင့် ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်နှင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ စုစုပေါင်း ၅၀ ကျော်မှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ ၅၀၀ ဦးကျော် တက်ရောက်ခဲ့ကြပါသည်။
ညီလာခံအပိုင်း (၂) တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အစဉ်တစ်စိုက် လိုက်နာကျင့်သုံးခဲ့သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကိုလေးစားလိုက်နာရေးနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ပါဝင်သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့် လိုက်လျောညီထွေရှိသဖြင့် အဆိုပါကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ကို ထောက်ခံကြိုဆိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
စက်တင်ဘာလ ၂၀ ရက်၊ ညနေ ၅ နာရီ မှ ၅ နာရီခွဲအထိ မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအကြီးအကဲ Mr. Xu Ganlu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ Jinlin Haizhou Bayview Conference Center ရှိ Bilateral Call Room ၌တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့၊ ပိုင့်ယွန်ခရိုင်၊ ဝင့်ရှန်ကျူအန်လမ်းရှိ ကွမ်တုန်းရဲကောလိပ်သို့ သွားရောက်လေ့လာခဲ့ကြပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကွမ်တုန်းရဲကောလိပ်၊ ဒုတိယကျောင်းအုပ်ကြီး Mr. Zhang Cheng နှင့် အဖွဲ့ကကြိုဆိုခဲ့ကြပြီး ကျောင်းရုံးရှိအစည်းအဝေးခန်းမ၌ ကွမ်တုန်းရဲကောလိပ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် မော်တော်ယာဉ်မတော်တဆမှုမှ အီလက်ထရောနစ်သက်သေခံပစ္စည်းများစုံစမ်းဖော်ထုတ်ခြင်းနှင့် အခင်းဖြစ်ရပ် ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာသုတေသနဌာန (Vehicle Electronic Evidence Investigamtion and Accident Recon struction Laboratory) နှင့် သေနတ်ပစ်လေ့ကျင့်ရေးကွင်းသို့ သွားရောက်လေ့လာခြင်း၊ ရထားဘူတာရုံအတွင်းဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုအား ဖြေရှင်းဆောင်ရွက်သည့် လက်တွေ့သရုပ်ပြမှုအားကြည့်ရှုအားပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိကြောင်း သိရှိရပါသည်။