Skip to main content

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပြိုင်ပွဲများ ကြည့်ရှုအားပေး

ဟန်ကျိုး စက်တင်ဘာ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ဒေသစံတော်ချိန် (၈)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း(Hangzhou Olympic Center)၌ ကျင်းပသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အလံကိုလွှင့်တင်ပြီး (၁၉)ကြိမ်မြောက် တရုတ်အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အာရှအိုလံပစ်ကော်မတီယာယီဥက္ကဋ္ဌတို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်က (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ဖွင့်လှစ်ကြောင်း ကြေညာသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမှတ်တရနေရာများ၊ ရိုးရာအကအလှများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်သရုပ်ဖော်ပြသသည်။ ယင်းနောက် အာရှအားကစားပြိုင်ပွဲ အလံကိုလွှင့်တင်ပြီး အားကစားသစ္စာအဓိဋ္ဌာန်နှင့် ဒိုင်လူကြီးသစ္စာအဓိဋ္ဌာန်တို့ကိုရွတ်ဆို၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ရွေးစင်အားကစားသမားများက အာရှအားကစားပြိုင်ပွဲ မီးရှူးတိုင်ကို ကွင်းအတွင်းသို့ လက်ဆင့်ကမ်းသယ်ဆောင်ကာ မီးထွန်းညှိပေးကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယနေ့တွင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက်(၁၀)နာရီတွင် ဟန်ကျိုးမြို့ Xiaoshan Guali Sports Center အားကစားရုံ၌ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မမြတ်နိုးအိမ်က ထိုက်ချိချွမ်နှင့် ထိုက်ချိကျန့် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် အားကစားရွာ၌ နိုင်ငံတကာအားကစားသမားများနေထိုင်ရန် စီစဉ်ထားသည့် အဆောက်အဦများကိုကြည့်ရှုပြီး မြန်မာအားကစားသမားများ နေထိုင်သည့်နေရာနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံးခန်း ပြင်ဆင်ဖွဲ့စည်းထားမှုကို လိုက်လံကြည့်ရှုကာ အုပ်စုပြိုင်ပွဲများတွင် (၂)ပွဲအနိုင်ရရှိထားသော E-Sports အားကစားသမားများကို အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဟန်ကျိုးမြို့ Xiaoshan Sports Center ၌ အမျိုးသား U-24 အုပ်စုပြိုင်ပွဲ ပွဲစဉ်(၂၆)အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

စက်တင်ဘာ ၂၅ ရက်တွင် မြန်မာအားကစားပွဲများမှ ဝူရှူး(အမျိုးသား)ပြိုင်ပွဲ၊ ဘောလုံး (အမျိုးသမီး) အုပ်စုပြိုင်ပွဲ ပွဲစဉ်(၁၂) မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်