နေပြည်တော် သြဂုတ် ၂၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုး တူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E & P) မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် RT-PCR machine and Diagnostic Reagents များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းလွှဲပြောင်းခြင်းနှင့် ဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပစ္စည်းများ လှူဒါန်းထား သည့် ကုမ္ပဏီများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ် များနှင့် အညီ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ POSCO International Corporation (Myanmar E & P) မှ Managing Director Mr. Jung Hwan Lee နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများမှ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က POSCO International Corporation (Myanmar E & P) အနေဖြင့် စီမံကိန်းဒေသများတွင် လူမှုရေးတာဝန်သိမှု (Corporate Social Responsibility - CSR) လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံ အဆောက်အဦနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်ကဏ္ဍများအား ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယနေ့ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်နေရသည့်အချိန်တွင် POSCO International Corporation (Myanmar E & P) အနေဖြင့် စီမံကိန်းဒေသများတွင် ဆေးရုံ၊ ဆေးပေးခန်းနှင့် Quarantine Center များအပြင် ကိုဗစ်-၁၉ သံသယလူနာ အများဆုံး ကုသမှုခံယူနေသည့် ရန်ကုန်မြို့ရှိ ဆေးရုံကြီးများတွင် ခွဲစိတ်ခန်းသုံးနှင့် အဆင့်မြင့် နှာခေါင်းစည်းများ၊ ကာကွယ်ရေးပစ္စည်း များ အတွက် ပထမ အကြိမ် အမေရိကန်ဒေါ်လာ ၂ သိန်းခန့် ထောက်ပံ့ပေး ခဲ့သည့်အပေါ် အထူးကျေးဇူး တင်ရှိပါကြောင်း။
ဒုတိယအကြိမ်အဖြစ် ရောဂါရှာဖွေမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး အထောက်အပံ့ ဖြစ်စေရန် စစ်ဆေးမှုပေါင်း ၁၀,၀၀၀ ပြုလုပ်နိုင်သည့် ရောဂါရှာဖွေရေးကိရိယာများကိုလည်း ကိုရီးယားနိုင်ငံမှ ဝယ်ယူ တင်သွင်းပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့ပြီး၊ ယခုအခါ တတိယအကြိမ်အဖြစ် ရောဂါပိုး ရှာဖွေ စစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်နိုင်ရန် စမ်းသပ်မှုပေါင်း ၇,၂၀၀ ဆောင်ရွက်နိုင်သည့် အမေရိကန်ဒေါ်လာ တစ်သိန်းတန်ဖိုးရှိ ရောဂါရှာဖွေရေး RT-PCR စက်သစ်ကြီးနှင့် ရောဂါရှာဖွေရေးကိရိယာများ၊ ဆက်စပ်ပစ္စည်းများလှူဒါန်းခြင်းအတွက် ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ရစဉ်အတွင်း နိုင်ငံသူ/သားများ ရောဂါအန္တရာယ် ကင်းဝေးရေး ပံ့ပိုးကူညီနိုင်ခဲ့မှုများအပေါ် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါကြောင်း၊ အလားတူ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပါသော အခြားသော ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကုမ္ပဏီများနှင့် လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာမိတ်ဖက် ကုမ္ပဏီများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပံ့ပိုးကူညီမှုများအတွက်လည်း ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် POSCO International Corporation (Myanmar E & P) ၏ လူမှုရေး တာဝန်သိမှု (Corporate Social Responsibility - CSR) လုပ်ငန်းဆောင်ရွက်မှုများအား Video Clip ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် POSCO International Corporation (Myanmar E & P) မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးဖော်ထုတ်နိုင်ရန်အတွက် လှူဒါန်းမည့် RT-PCR machine နှင့် ဆက်စပ်ပစ္စည်း များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လွှဲပြောင်း ပေးအပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်တို့က ဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ကြ သည့် ကုမ္ပဏီ (၂၃) ခုမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် ဓာတ်ခွဲစစ်ဆေးမှု စွမ်းဆောင်ရည်သည် အရေးကြီးပါကြောင်း၊ ယခု လှူဒါန်းသည့် အမေရိကန်ဒေါ်လာ တစ်သိန်းတန်ဖိုးရှိ RT-PCR စက်နှင့် ဓာတ်ခွဲဆေးရည်ပစ္စည်းများသည် ရောဂါပိုးရှိသူများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေး ဖော်ထုတ်ကာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက် စွာ ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ရခိုင်ပြည် နယ်၌ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများ တွေ့ရှိနေရပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အနေဖြင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် လမ်းညွှန်ချက်များ ထုတ်ပြန် ခြင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံ များ ချမှတ်ခြင်းအပါအဝင် လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ရောဂါ ကာကွယ်ထိန်းချုပ်ရန်နှင့် အခြားဒေသများသို့ ရောဂါပြန့်ပွား ခြင်းမရှိစေရေး ဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)