Skip to main content

အိန္ဒိယနိုင်ငံ နည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC Day-2023 အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၀

အိန္ဒိယနိုင်ငံ နည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC Day-2023 အခမ်းအနားကို ယမန်နေ့ ညနေ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဗီနေကူးမားနှင့် သံရုံးဝန်ထမ်းများ၊ ITEC မှ တာဝန်ရှိသူများ၊ ITEC အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ကြသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးက အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ITEC ခေါင်းစဉ်အောက်မှ ၁၉၉၆ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ သင်တန်းသားအရေအတွက် (၂၀,၀၀၀) ကျော်ကို ကာလတို၊ ကာလရှည် စွမ်းဆောင်ရည်မြှင့် သင်တန်းများကို ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ ITEC သင်တန်းများတွင် တက်ရောက်သင်ကြားခဲ့ကြသူများသည် မိမိတို့၏တာဝန်ထမ်းဆောင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတို့တွင် အောင်မြင်စွာတာဝန်ထမ်းဆောင်နေကြသည်ကို လေ့လာတွေ့ရှိရသဖြင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံနှင့် သင့်လျော်မှုရှိသော သင်တန်းအသီးသီးကိုလည်း ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအရ ဘာသာရပ်ပေါင်းစုံအတွက် သင်တန်းများကို အိန္ဒိယနိုင်ငံတွင် အကူအညီပေးလျက်ရှိရာ ဌာနအသီးသီးမှ ဝန်ထမ်းများစေလွှတ်ပေးနေပါကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်မေလအထိ လျှပ်စစ်ကဏ္ဍမှ သင်တန်းသား (၁၃၇) ဦးကို အိန္ဒိယနိုင်ငံသို့ စေလွှတ်နိုင်ခဲ့ပါကြောင်း၊ ယခု ITEC အစီအစဉ်မှ ဖွင့်လှစ်ခဲ့သော ဆက်စပ်သင်တန်းများသို့ (၁၂၆) ဦး တက်ရောက်ရန် စေလွှတ်နိုင်ခဲ့ပါကြောင်း၊ ITEC အစီအစဉ်အောက်မှသင်တန်းများသို့ သင်တန်းသား အရေအတွက်ပိုမိုတိုးမြှင့်စေလွှတ်သွားလိုပါကြောင်း၊ ယခင်ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းများနှင့်ပတ်သက်၍လည်း သင်တန်းသားများ၏ အကြံပြုချက်များအရ သင်တန်းချိန်များတိုးပေးစေလိုပါကြောင်း၊ ထို့အတူ နေရောင်ခြည်စွမ်းအင်လေစွမ်းအင်နှင့် ရေအားလျှပ်စစ်ဆိုင်ရာ သင်တန်းများ၊ နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းချိတ်ဆက်၍ ဓာတ်အားကုန်သွယ်မှုဆိုင်ရာ သင်တန်းများကိုလည်း အလျဉ်းသင့်သလို ဆက်လက်ဖွင့်လှစ်ပေးပါရန် အဆိုပြုပေးပို့ ထားပါကြောင်းပြောကြားသည်။

ထို့နောက် ITEC ကျောင်းသားဟောင်းများက မိမိတို့ပညာသင်ကြားခဲ့မှု အတွေ့အကြုံများနှင့် အကျိုးကျေးဇူးများကို အမြင်ခြင်းဖလှယ်၍ ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ITEC နှင့်ပတ်သက်သည့် မှတ်တမ်းဗွီဒီယိုကို ပြသသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် မစ္စတာလာ လစ်ကူးမားက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ITEC Day-2023 အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် ITEC သင်တန်းများသို့တက်ရောက်ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်