နေပြည်တော် စက်တင်ဘာ ၁၉
“ပုဂံခေတ် လူမှုစီးပွားဘဝ” သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာသမိုင်းအဖွဲ့ဝင်ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာတမ်းရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုစာတမ်းဖတ်ပွဲတွင် ကျောက်စာအထောက် အထားအကိုးအကားများဖြင့် ပုဂံခေတ်လူမှုစီးပွား ဘဝအခြေအနေ အဆင့်အတန်းကို အကဲဖြတ်သည့် သုတေသနစာတမ်းများကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ သမိုင်း၏ သဘောတရားတစ်ခုအနေဖြင့် ပြောကြားရလျှင် သမိုင်းဆိုသည်မှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးပါးစလုံးနှင့်သက်ဆိုင်ပြီး အတိတ်ကာလမှ မြန်မာနိုင်ငံ၏ဖြစ်စဉ်များကို လေ့လာထုတ်ဖော်ရေးသားခြင်းသည် မျက်မှောက်ကာလ မြန်မာနိုင်ငံ၏အခြေအနေကို ယထာဘူတကျကျ နားလည်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းမှတစ်ဆင့် အနာဂတ်အလားအလာကို ချိန်ဆမျှော်မှန်းနိုင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ပုဂံခေတ်၏ လူမှုစီးပွားဘဝကို လေ့လာဆန်းစစ်ကြည့်ခြင်းအားဖြင့် ပစ္စုပ္ပန်တွင် မည်ကဲ့သို့အသုံးချနိုင်ပြီး အနာဂတ်တွင် မည်သို့ပြင်ဆင်ရမည်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခုပုဂံခေတ်လူမှုစီးပွားဘဝဟူသည့် စာတမ်းခေါင်းစဉ်နှင့် တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း ဖြစ်ပေါ်လာစေရန်အတွက် ကွက်လပ်ဖြစ်နေသည့်နေရာကိုဖြည့်ရန် အားထုတ်သည်ဟုနားလည်ပါကြောင်း၊ ထို့ပြင် မြန်မာ့သမိုင်းအကြောင်းကို ဖတ်ရှုခြင်းအားဖြင့် အတိတ်ကသမိုင်းဖြစ်ရပ်များမှ သင်ခန်းစာများရယူနိုင်ပြီး မိမိလူမျိုးကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်များ ပိုမိုမြင့်မားလာကာ ဇာတိသွေးဇာတိမာန် တက်ကြွလာမည်ဖြစ်ကြောင်း၊ ထို့အတွက် လူတိုင်းသမိုင်းကို လေ့လာဖတ်ရှုသင့်ပါကြောင်း၊ ယခုဖတ်ကြားမည့် စာတမ်းခြောက်စောင်သည် သမိုင်းပညာရှင်များ သတ်မှတ်ထားသည့် ပုဂံခေတ်လူမှုစီးပွားများအပေါ် အခြေခံ၍ရေးသားထားသော စာတမ်းများဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က သုတေသနစာတမ်းဖတ်ပွဲကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နံနက်ပိုင်း စာတမ်းဖတ်ကြားခြင်း အစီအစဉ်တွင် မန္တလေးအဝေးသင်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဝင်းမင်းသိန်းက “ပုဂံခေတ်လူမှုဘဝနှင့် အသက်မွေးဝမ်း ကျောင်းမှု’’စာတမ်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်စန်းက “အမတ်အသဝတ်ဓမ္မာ သင်္ချိုင်းဂူဘုရား ကျောက်စာလာလူမှုစီးပွားရေးအခြေအနေ” စာတမ်းတို့ကို ဖတ်ကြားဆွေးနွေးပြီး မွန်းလွဲပိုင်း စာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် ကျိုင်းတုံတက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာနွယ်နွယ်အောင်က “ပုဂံခေတ် မြန်မာ့လူ့အဖွဲ့အစည်းတည်ဆောက်ပုံ’’ စာတမ်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာလွင်က “စဝ်ရဟန်သိမ် ပြန်လည်တည်ဆောက်ခဲ့သူများ၏ လူမှုစီးပွားအခြေအနေ”စာတမ်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာကိုကိုတိုးလွင်သော်က “နံရံဆေးရေးများမှ ထင်ဟပ်လာသော ပုဂံခေတ်ကုန်သည်လူတန်းစားတို့၏ လူမှုစီးပွားနှင့်လူနေမှုသဏ္ဌာန်” စာတမ်း၊ ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာက “ရွှေကွန်ချာဘုရားနှင့် မင်းအနန္တသူကျောက်စာ (၁၂၂၃) လေ့လာချက်” စာတမ်းတို့ကို ဖတ်ကြားဆွေးနွေးပြီး မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်း၊ မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင်များဖြစ်သည့် ဦးကျော်စိုး၊ ဦးတင်ခြုံတို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြကာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက အကြံပြုလိုသည်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာသမိုင်းအဖွဲ့အဖွဲ့ဝင် ဦးနီတွတ်က ဖတ်ကြားသွားသော စာတမ်းများနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်ဆွေးနွေးပြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်မြင့်က နိဂုံးချုပ်အမှာစကားပြောကြားကာ သဘာပတိနှင့် စာတမ်းရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
အကောင်အထည်ဖော်ဆောင်ရွက်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် ဌာန၏ရည်မှန်းချက်ဖြစ်သော သမိုင်းပညာရပ်ဖြင့် မြန်မာတို့၏ အစဉ်အလာကောင်းများကို ဖော်ထုတ်ထိန်းသိမ်းကာ လူမှုပြဿနာများကို ဖြေရှင်းပေးရာတွင် စံများ၊ သင်ခန်းစာများပေးစွမ်းနိုင်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် မြန်မာသမိုင်းနှင့်ပတ်သက်၍ အများပြည်သူ စိတ်ဝင်စားမှုတိုးတက်လာစေရန်၊ သမိုင်းသုတေသနပြုသူများနှင့် လေ့လာသူများအတွက် အကိုးအကားပြုနိုင်ရန်၊ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းကို ရေးသားပြုစုခြင်းနှင့် သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းဖိတ်ခေါ် စာတမ်းဖတ်ပွဲများကို တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်