နေပြည်တော် စက်တင်ဘာ ၁၉
လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ်များနှင့် ဆရာဆရာမများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင်လူသား အရင်းအမြစ်သည် အဓိကကျပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးကဏ္ဍကို တိုးတက်အောင်မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များချမှတ်ခဲ့ရာတွင် လူမှုရေးဦးတည်ချက်တွင်ပါဝင်သည့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အတိုင်း အနာဂတ်နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ရာတွင် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ နိုင်ငံတော်ကအားထားရသည့် လူငယ်များဖြစ်လာစေရန်အတွက် ပညာရေးကိုအခြေခံပြီး ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်လာစေရန် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်သည့်အတွက် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြင့်မားလာစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သလို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လူငယ်များသည် နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန်ကို ကျရာကဏ္ဍအသီးသီးတွင် ပခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရန်လိုကြောင်း၊ အတွေးအခေါ်၊ အယူအဆကောင်းမွန်ပြီး တီထွင်ဖန်တီးနိုင်သည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပေါ်ထွက်လာမှသာလျှင် စီမံခန့်ခွဲမှုကောင်းသည့် ခေါင်းဆောင်ကောင်းများစွာ ပေါ်ထွက်လာပြီး တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာမ တင်ရီမ(ညောင်ဦး)က “ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေပြည်တော် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောပို့ချခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားသမားလူငယ်များက Fitness Dance ၊ ဗိုဗီနမ်နှင့် ဂျူဒိုအားကစားနည်းများကို သရုပ်ပြသကြသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ နည်းပညာကောလိပ် ကျောင်းအုပ်ကြီး ဦးမင်းမင်းထွန်းနှင့် နေပြည်တော် အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူး ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်တို့က လက်ခံရယူပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သရုပ်ပြအားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာရေးဆရာမ တင်ရီမ(ညောင်ဦး)နှင့် ဒေါက်တာသန်းနိုင်စိုးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်