နေပြည်တော် စက်တင်ဘာ ၁၉
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံသည့်အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေး၊ နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ပညာရှင်များရှုထောင့်မှ အထောက်အကူပြုပံ့ပိုးနိုင်ရေးတို့ကို တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များကအဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
သတင်းစဉ်