Skip to main content

ပွင့်ဖြူမြို့နယ်၌ မိုးစပါးဧက ၆၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ပွင့်ဖြူ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မိုးစပါးဧက ၆၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးရေးအတွက် ဒေသခံတောင်သူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၆၉၉၄၃ ဧက လျာထားစိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးစေရေး မဲဇလီရေလွှဲဆည်ရေဖြင့် ဇူလိုင်လဆန်းကစပြီး မိမိတို့၏ လယ်ယာမြေများကို ကျွဲ၊ နွားများအသုံးပြု၍ စိုက်ပျိုးမှုများရှိသလို အချို့တောင်သူများက လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုကာ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ထိုသို့ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားမိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးလယ်ယာ မြေများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

၆၆၃၅၃ ဧက စိုက်ပျိုးပြီးစီး

“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားရေးနှင့် ဆန်စပါး စားရေရိက္ခာဖူလုံပိုလျှံစေရေးအတွက် တစ်မြို့နယ်လုံး မိုးစပါးသီးနှံဧက ၆၉၉၄၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ပြီး ယနေ့အထိ မိုးစပါးစိုက်ဧက ၆၆၃၅၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် ဝန်ထမ်းများက သက်ဆိုင်ရာနယ်မြေအလိုက် တောင်သူတွေကို ကွင်းဆင်းကြီးကြပ်ပြီးတော့ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးဖို့၊ စိုက်နည်းစနစ်နဲ့ သွင်းအားစုပစ္စည်းသုံးစွဲနည်းစနစ်တွေ မှန်ကန်စွာ အသုံးချဆောင်ရွက်နိုင်ဖို့အတွက် တောင်သူအသိပညာပေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါး၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ ပဲမျိုးစုံနှင့် အခြားစားဖိုဆောင်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)