နေပြည်တော် စက်တင်ဘာ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေလယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော်နေမှုနှင့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးတောကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရုံးတောကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ဆိုလာစွမ်းအင်ဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်ပေးမည့် အစီအမံများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရေး မိုးသီးနှံအပြီးတွင် ဆောင်းသီးနှံနှင့်နွေသီးနှံများ စိုက်ပျိုးပြီးသီးထပ်(၃)သီး စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် အထွက်နှုန်းတိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ လိုအပ်သည့် စိုက်ပျိုးနည်းစနစ်နှင့် စိုက်ပျိုးရေရရှိရေးကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာလိုအပ်မှု တင်ပြချက်များကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်းမှ ရုံးတောကျေးရွာအဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လမ်းရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားပြီးရုံးတောကျေးရွာ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်