နေပြည်တော် စက်တင်ဘာ ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့်အတူ လွိုင်ကော်မြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသား သင်တန်းသူများ၊ နည်းပြဆရာများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် သင်တန်းကျောင်းအုပ်က သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သင်တန်းသား သင်တန်းသူများအနေဖြင့် တတ်မြောက်သွားသော ပညာရပ်များကိုပြန်လည် အသုံးချ၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်းထက် သမဝါယမအသင်းများဖွဲ့စည်းကာ စုပေါင်းလုပ်ဆောင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် သင်တန်းသားသင်တန်းသူများ၏ အဝတ်အထည်ရက်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းသားအိပ်ဆောင်နှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးတွင် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးက ကျေးရွာ ငါးရွာနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ကျေးရွာငါးရွာကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP ရန်ပုံငွေကျပ်သိန်း ၇၅၀၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀၀ စုစုပေါင်း ငွေကျပ်သိန်း ၂၂၅၀ ထောက်ပံ့ပေးအပ်ရာ စီမံကိန်းကျေးရွာများမှ ကျေးရွာကိုယ်စားလှယ်နှစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး ဝန်းထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကြောင့်ကမ်လာဘ် (ကျောက်ကလပ်) စေတီအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။ ညပိုင်းတွင်ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်ကလိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်