Skip to main content

အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသ

နေပြည်တော် စက်တင်ဘာ ၁၇

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် အကြိမ် (၂၀) မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပလျက်ရှိရာ အဆိုပါကုန်စည်ပြပွဲဖွင့်ပွဲမှစတင်၍ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကုန်ပစ္စည်းများနှင့်အတူ မြန်မာကုန်စည် ပြခန်းဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ပါဝင်ပြသလျက် ရှိသည်။ 

ခင်းကျင်းပြသရောင်းချ

မြန်မာ ကုန်စည်ပြခန်းများတွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရေထွက်ကုန်၊ ထောပတ်သီး၊ လက်မှုအနုပညာ ပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်၊ မြန်မာ့ကျောက်မျက် လက်ဝတ် ရတနာပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိသည်။

ဝယ်ယူသူများ စည်ကား

ကုန်စည်ပြပွဲဖွင့်ပွဲနေ့တွင် မြန်မာကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ပါဝင်စား၍ လာရောက်လေ့လာ ကြည့်ရှုသူများ၊ ကြိုက်နှစ်သက်၍ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၁၆ ရက် တွင်ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားမြှင့်တင်ရေးဖိုရမ်တွင် မြန်မာနှင့်တရုတ်ကုန်သည် လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ခြောက်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်