Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့နှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများတွေ့ဆုံ

မက်မန်း စက်တင်ဘာ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ “ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မက်မန်းခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိအောင် ဟန်ချက်ညီညီ ဆောင်ရွက်နေပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးအတွက် ဒေသရှိပြည်သူများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံတော်အတွက် အရေးကြီးသောကြောင့်  နိုင်ငံတော်က ပညာရေးစနစ်တိုးတက်စေရေး ဆောင်ရွက်နေသည့်အချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ဒေသခံပြည်သူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသလိုအပ်ချက်များ တင်ပြဆွေးနွေးကြရာ တင်ပြဆွေးနွေးမှုများအပေါ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဖြည့်စွက်ဆွေးနွေး၍ လတ်တလောလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မြို့နယ်ရှိဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ “ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ်တို့က စားသောက်ဖွယ်ရာပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ကြရာ တာဝန်ရှိသူများကလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် VDP ရန်ပုံငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ “ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်ညွှန်ကြားရေးမှူးတို့က စီမံကိန်းဖြစ် ကျေးရွာ ၁၀ ရွာသို့ ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်းကောင်း လက်ခံရယူကြသည်။

ဆက်လက်၍ မက်မန်းမြို့ ထေရဝါဒဗုဒ္ဓသာသနာပြု ပညာဒီပဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒသိရီအား ဖူးမြော်ကြည်ညို၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ “ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် မက်မန်းမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ကြပြီး ဆေးရုံအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ဆေးရုံတာဝန်ရှိသူတို့က လက်ခံရယူကြသည်။ ယင်းနောက် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော မက်မန်းမြို့ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဥစားကြက်မွေးမြူရေး သရုပ်ပြခြံနှင့် မျိုးဝက်သိုးခြံ၊ နေဗီယာမြက်စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ နယ်ခြားစောင့်တပ်မှ ကြက်ကောင်ရေ ၃၀၀ မွေးမြူထားသော ကြက်ခြံကိုလည်းကောင်း သွားရောက်ကြည့်ရှုကြသည်။

ယမန်နေ့မွန်းလွဲပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ လားရှိုးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းသို့သွားရောက်၍ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများကို အားပေးစကားပြောကြားပြီး အစိုးရနည်းပညာအထက်တန်းကျောင်းအတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာမများက လက်ခံရယူကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် လားရှိုးမြို့ ဇမ္ဗူအေးအေတီတပ်ဦးကျောင်း ပရိယတ္တိစာသင်တိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် သာသနဓဇဓမ္မာစရိယ ဆရာတော်နှင့် သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း ဆရာတော်တို့အားဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အဖွဲ့သည် လားရှိုးမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းကိုလည်းကောင်း၊ လားရှိုးမြို့ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းကိုလည်းကောင်း သွားရောက်၍ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများကို အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် ဆရာမများက လက်ခံရယူကြသည်။ ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေး သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းခန်းကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

သတင်းစဉ်