Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ ကျောက်ဖြူခရိုင်နှင့် တောင်ကုတ်ခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

စစ်တွေ စက်တင်ဘာ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များသို့ သွားရောက်ပြီး အဆိုပါမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပညာရေးဒီဂရီကောလိပ် ပင်မစာသင်ဆောင်ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) ၌ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများအား တွေ့ဆုံပြီး အနာဂတ်ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွင် အားထားရမည့်မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးရန်သင်ကြားပေးနေသည့် ကျောင်းဖြစ်သည့်အတွက် နည်းစနစ်မှန်စွာ ဖြင့် စနစ်တကျစေတနာထားကာ စာတွေ့လက်တွေ့ သင်ကြားပေးကြစေလိုကြောင်း မှာကြားသည်။

ကြည့်ရှုအားပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ရမ်းဗြဲမြို့နယ် ကုန်ဘောင်ကျေးရွာအနီးတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ကွင်း ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ယူရီးယားဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝင်နှင့်အဖွဲ့သည် ရမ်းဗြဲမြို့သို့ သွားရောက်ပြီး ရမ်းဗြဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာဝတီခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က ရခိုင်ပြည်နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးသည် အဓိကဖြစ်သည့်အတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ရင်းရင်းနှီးနှီးတွေ့ဆုံ

ဆက်လက်၍ တက်ရောက်လာကြသော မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ မြို့တွင်းလမ်းများ ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ရန်ကုန်-ကျောက်ဖြူလမ်း (မအီ-ကျောက်ဖြူအပိုင်း) ပေါ်ရှိ စနဲပေါက်တံတား တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး စေတနာထားဆောင်ရွက်ကြရန် မှာကြားသည်။

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် တောင်ကုတ်တက္ကသိုလ် နှစ်ထပ်စာသင်ဆောင် (ဘွဲ့နှင်းသဘင်ခန်းမ) တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်ကုတ်မြို့နယ်ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။

ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

တွေဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ချမှတ်ကာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်နေမှု၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်နိုင်ရန် ဆောင်ရွက်နေမှု၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက် ဆောင်ရွက်နေမှု၊ လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် အလေးထားဆောင်ရွက်နေမှုနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေရေးတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက တောင်ကုတ်မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနအလိုက် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က မဟော်သဓာကိုယ်ပိုင်အထက်တန်း ကျောင်းအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်